Thursday, April 2, 2015

တရားမမှုများ၏ အမှုပုံစံ မှန်ကန်မှု ......

တရားမမှုများ၏ အမှုပုံစံ မှန်ကန်မှု ......

အမှုတစ်မှုကို တရားစွဲဆိုသော ပုံစံအတိုင်း စွဲဆိုနိုင်ခြင်း ရှိ မရှိ မှာ အဆိုအချေတို့အရ
ဆုံးဖြတ်ရမည့်ပြဿနာဖြစ်သည် ။

ဒေါ်ဌေးဌေးရင် ပါ ၂ နှင့် ဦးကျော်ဇော ပါ ၃
၁၉၈၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး ၂၇ 

ဦးခိုက်ရသော ဆရာများသို့

လားရှိုးမြို့
၂.၄.၂၀၁၅ ကြာသပတေးနေ့ ၀၉း၀၀

Wednesday, April 1, 2015

တရားမမှုတွင် မီးသေခြင်းဦးဆောင်စီရင်ထုံးတစ်ခု ......

တရားမမှုတွင် မီးသေခြင်းဦးဆောင်စီရင်ထုံးတစ်ခု ......

အကြောင်းကိစ္စတစ်ရပ်တည်းနှင့်စပ်လျဉ်း၍ အမှုများကို ထပ်တလဲလဲ စွဲဆိုခြင်းကို ပိတ်ပင်နိုင်ရန်
တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၁ ကို ပြဌာန်းထားခြင်းဖြစ်သည်။ လျှောက်ထားခံရသူသည် မိမိအပေါ်
ချမှတ်ထားသော ဒီကရီမှာ လိမ်လည်လှည့်ဖြား၍ ရယူထားသော ဒီကရီဖြစ်ကြောင်း အကြောင်းပြကာ
တရားတစ်ထုံး စွဲဆိုခဲ့သည်။ ယင်းမအမှု၌ အရေးနိမ့်သောအခါ စွပ်စွဲချက်အသစ်အချို့ကို ဖြည့်စွက်ပြီး
တရားတစ်ထုံး စွဲဆိုပြန်သည်။ ယင်းကဲ့သို့ အချက်အလက် အသစ်များ ဖြည့်စွက်ကာ အမှုထပ်တလဲလဲ
စွဲဆိုခွင့်ပြုမည်ဆိုပါက မှုခင်းများသည် ပြီးပြတ်တော့မည် မဟုတ်ချေ။ လျှောက်ထားခံရသူသည် အကြောင်းကိစ္စတစ်ရပ်နှင့် စပ်လျဉ်း၍ ထပ်တလဲလဲ တရားစွဲဆိုခြင်းဖြင့် တရားရုံး၏ယန္တရားကို အလွဲသုံးစားပြုရာ ရောက်ပြီး တစ်ဖက်အမှုသည်များအားလည်း နစ်နာစေကြောင်း ပေါ်လွင်ထင်ရှားသည်။

ဒေါ်ကြင်နု နှင့် ဦးမိုဟာမက်ယူစွပ်
၁၉၈၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၄ 

ကာယ ဝစီ မနော သုံးလီ ဆရာမည်အား ဦးခိုက်ပါ၏

လားရှိုးမြို့
၁.၄.၂၀၁၅ ဗုဒ္ဓဟူးနေ့  ၁၂း၀၀ 

ပဏာမဒီကရီ နှင့် အမှုသည် သေဆုံးခြင်း

ပဏာမဒီကရီ နှင့် အမှုသည် သေဆုံးခြင်း

အမှုတွင် ဒီကရီ ချမှတ်ပြီးဖြစ်ပါက အယူခံရုံးက ပယ်ဖျက်ခြင်း မပြုသရွေ့ ထိုအမှုကို ပလပ်ခြင်း မပြုနိုင်။ ပဏာမဒီကရီ ချမှတ်ပြီးနောက် တရားပြိုင်ကွယ်လွန်သွားလျှင် ကွယ်လွန်သူတရားပြိုင်နှင့် စပ်လျဉ်း၍
အမှုရပ်စဲခြင်းမရှိနိုင်၊ တရားမကျင့်ထုံးဥဒေ အမိန့် ၂၂ နည်း ၄ သည် ပဏာမဒီကရီ ချမှတ်ပြီးသော
အမှုများနှင့် မသက်ဆိုင်ချေ။

မမြစန်း နှင့် ဒေါ်မိုးစိန် ပါ ၎
၁၉၉၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၁၆၉

မှတ်မှတ်ယယ မှတ်စုတိုများ

လားရှိုးမြို့
၁.၄.၂၀၁၅  ဗုဒ္ဓဟူးနေ့
 

ဇာရီမှုအား တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၁ အရ ရပ်ဆိုင်းခြင်း

ဇာရီမှုအား တရားမကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၁ အရ ရပ်ဆိုင်းခြင်း

ယင်းပုဒ်မ ၁၅၁ အရ ကျင့်သုံးရာတွင်

၁။ ထူးခြားသောအခြေအနေတွင် ရပ်ဆိုင်းခြင်း
ဒေါ်ထွေးတင် နှင့် ဒေါ်ကြည်ကြည် ၁၉၉၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၅၆

၂။ အလွယ်တကူ ကျင့်သုံးရန် မဟုတ်ခြင်း
ဦးကျော်စိုး နှင့် အက်စ်အလီခန်း ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၉ (စုံညီ)

အမှတ်တယ အောင်ဆန်း ၄၊ ၅ နှင့် ၉ မှ ဆရာများ၏ မှတ်မှတ်ယယ မှတ်စုတိုများ

လားရှိုးမြို့
၁.၄.၂၀၁၅ ဗုဒ္ဓဟူးနေ့

Tuesday, March 31, 2015

ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင်

ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) 

ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရုံး၏ စီရင်ချက်
သို့မဟုတ် အမိန့်မိတ္တူမှန် ကောက်နှုတ်ချက် သို့တည်းမဟုတ် ထောင်တာဝန်ခံအရာရှိ၏ ပြစ်ဒဏ်ကျခံပြီး
ကြောင်း ထောင်ချဝရမ်းတို့ကို အမှုတွဲတွင် တစ်ပါတည်း ပူးတွဲတင်ပြရန် လိုအပ်သည်။


ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၅၁၁ နှင့် အညီ သက်ဆိုင်သော စာရွက်စာတမ်းများ ပါရှိခြင်းမရှိက
ပြစ်ချက်ဟောင်း တွဲ၍မရသဖြင့် ပြစ်ဒဏ်ချမှတ်၍ မရကြောင်းဖြင့် အောက်ပါ စီရင်ထုံးတွင် ထုံးဖွဲ့ထားသည်။
မောင်ပါ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ (တရားရုံးချုပ်) စာမျက်နှာ ၄၇

မေ့မရပါသော ဥပဒေပညာနှင့် တရားရေးရာပညာသင်ကြားခဲ့သော 
သင်မြင်ကြား စာအုပ်လက်ဆောင်ပေး မှတ်စုတိုရေးတတ်အောင် 
လမ်းပြခဲ့သော ဆရာ့ ဆရာများအားလုံးအား ထာဝရဂါရဝ ဦးခိုက်လျက်

လားရှိုးမြို့
၃၁.၃.၂၀၁၅ အင်္ဂါနေ့
 

Thursday, March 26, 2015

သက်သေပြရန်တာဝန်နှင့် ပြစ်မှုအင်္ဂါရပ်

သက်သေပြရန်တာဝန်နှင့် ပြစ်မှုအင်္ဂါရပ်

တစ်ဦးတစ်ယောက်က ၄င်းတွင်တာဝန်ရှိပါသည်ဟု ဆိုကာမျှနှင့် ၄င်းအပေါ် ရာဇဝတ်ကြောင်းအရ အရေးယူရန် ခိုင်လုံသည်ဟု မမှတ်ယူသင့်၊ ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲဆိုရာတွင် မည်သည့်
တာဝန်ရှိ၍ ယင်းတာဝန် ပျက်ကွက်ခြင်းကြောင့် မည်သည့်ပြစ်မှုမြောက်ကြောင်းကို ယင်းပြစ်မှု
ဖြစ်စေမည့် အင်္ဂါစုံလင်အောင် တင်ပြသက်သေထူရာတွင် တရားလိုဖက်တွင် တာဝန်ရှိသည်။

မောင်ဟန်စိုး နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၇၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ (အထူးရာဇ၀တ်အယူခံတရားရုံး) စာမျက်နှာ ၆


ပြစ်မှုဆိုင်ရာအမှုများတွင် တိုင်တန်းသူသည် စွဲချက်တင်နိုင်လောက်သည့် အထောက်အထား တင်ပြရန်
တာဝန်ရှိသည်။ စွပ်စွဲရုံမျှဖြင့် မပြီးပေ။ တရားရုံးများကလည်း စွဲချက်တင်နိုင်လောက်သည့် ငြိစွန်းချက်
ရှိ မရှိ သုံးသပ်ရမည်။

မခင်ရှီ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ (ဒေါ်အောင်ကြည်)
၁၉၇၉ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ  စာမျက်နှာ၄၁


အထူးရာဇဝတ်အယူတရားရုံးများစီရင်ထုံးစာအုပ်ပေးခဲ့သော
ဆရာတစ်ဦးသို့ မှတ်မှတ်ယယ သတိယနေသော ရင်တွင်းတမ်းချင်း စကားသံဟောင်းများ

လားရှိုျးြမို့
၂၆.၃.၂၀၁၅ ကြာသပတေးနေ့

အမှန်တရား နဲ့ တရားရုံး

အမှန်တရား နဲ့ တရားရုံး

အမှန်တရားကို ရှာဖွေရာ၌ တရားသူကြီးတစ်ဦးတည်းနှင့် မပြီးပေ။ ရှေ့နေရှေ့ရပ်များကလည်း ကူညီရမည်။ မိမိတို့ ကိုယ်တိုင်သိရှိသည့် အကြောင်းအရာများကို အမှန်အတိုင်း တင်ပြကြရန် တာဝန်ရှိသည်။ အမှုသည် များက အမှတ်အတိုင်း တင်ပြခြင်းမပြုလျှင် အမှန်တရားကို လွယ်လွယ်ကူကူနှင့် ရှာဖွေ၍ ရနိုင်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အမှုသည်တစ်ဦးဦးက မိမိကိုယ်တိုင် သိရှိသော အချက်အလက်ကို ပွင့်ပွင့်လင်းလင်း တင်ပြခြင်းမပြုပဲ ကွယ်ထောင့်ထိမ်ဝှက်ထားကာ မိမိအပေါ် ကျရောက်သောတာဝန်ကို မကျေပွန်လျှင် ထိုအမှုသည်အပေါ် သက်သေခံအက်ဥပဒေ ပုဒ်မ ၁၁၄ ၏ ဥပမာ (ဆ) အရ ဆန့်ကျင်ဘက်
 ကောက်ယူ ရမည်ဖြစ်သည်။

ဂရားပရာဆပ် နှင့် ဦးကျော်ရွှေ
၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံးများ စာမျက်နှာ ၁၁၆၃

ကျွန်တော့်အား သင်မြင်ကြားခဲ့သော ဥပဒေပညာနှင့် တရားရေးဆရာကြီးများသို့
တမ်းတ လွမ်းဆွတ် ဦးညွတ်လျက်

လားရှိုျးမြို့
၂၆.၃.၂၀၁၅ ရက်နေ့ ကြာသပတေးနေ့

ဘဝကို ရင်ဆိုင်တဲ့အခါ .....

ဘဝကို ရင်ဆိုင်တဲ့အခါ .....

တစ်နေ့က
တူလေးက ရေးထားတဲ့ စာလေးတစ်ခု
ဖေ့ဘွတ်မှာ တွေ့လိုက်တယ် ...

မိဘတွေရဲ့ ဆန္ဒ နဲ့ သူဖြစ်ချင်တာလေးကို
ရေးထားပြီး မိဘဖြစ်ချင်တာပြီးရင်
သူ လုပ်ချင်တာလေးကို လုပ်ချင်တဲ့အကြောင်းလေးပါ .....

အလုပ်ထဲမှာ နားတဲ့အချိန်မှာ
တစ်ချိန်က ကျွန်တော်တို့ ဖြတ်သန်းစဉ်မှာရော
ဘယ်လိုလဲဆိုတာကို စဉ်းစားမိတဲ့အခါ
ဒါလေးကို ရေးချင်လာတယ် ....

ကျွန်တော့်အဖေဟာ
တပ်မတော်က အရာရှိတစ်ဦးဆိုတော့
ဝေးသီ ခေါင်ဖျား မြို့နဲ့ ဝေးတဲ့နေရာတွေမှာ
ပညာသင်ခဲ့ဘူးတယ် ......

အဖေဟာ
သမီးကြီးတွေနဲ့ သားငယ်တွေအတွက်
သူ တတ်နိုင်သလောက်နဲ့ ရနိုင်သမျှ
အကောင်းဆုံးဆိုတာထက် တတ်နိုင်သမျှ
ကောင်းအောင် လုပ်ပေးခဲ့တယ် .....

သားသမီး ၆ ယောက်လုံး ဘွဲ့ရအောင်
ကျောင်းထားနိုင်အောင်
ဆေးပေါ့လိပ်တိုကိုခဲပြီး
ဖြစ်အောင် ပညာသင်ပေးခဲ့တယ် ......

ကိုယ်ကိုယ်တိုင် စဉ်းစာ ဆုံးဖြတ်
လောကရဲ့ ဘဝလမ်းတွေကို
သူဖြစ်ချင်တဲ့ဆန္ဒ မပြောဘဲနဲ့
အတင်းအကြပ် မလုပ်ဘဲနဲ့
သားသမီးတွေ လျှောက်တတ်အောင်
သင်ပြ လမ်းညွှန်ခဲ့တယ် .....

အခုဆို 
အဖေ ဘဝတစ်ပါး ထွက်သွားတာ
၇ နှစ် ပြည့်တော့မယ် ....

လုပ်သင့်တာကို လုပ်တတ်နိုင်အောင်
ရွေးချယ်မှုက
ဘဝကို ရင်ဆိုင်တဲ့အခါ
အရေးကြီးတယ်ဆိုတာ
အသက်လေး နည်းနည်းကြီးလာမှ
သိလာရတယ် .......

အဖေ့ရဲ့ စကားများကို ကြားယောင်နေတဲ့ သားငယ်လေးတစ်ယောက်

လားရှိုးမြို့
၂၆.၃.၂၀၁၄ ကြာသပတေးနေ့

Tuesday, March 24, 2015

ရဲထံအစစ်ခံချက် နှင့် သက်သေခံတန်ဖိုး



ရဲထံအစစ်ခံချက် နှင့် သက်သေခံတန်ဖိုး
၁။ အမှုစစ်ဆေးရာ၌ အမှုစစ်ရဲအရာရှိထံ စုံထောက်စစ်ဆေးစဉ်က ပြောဆိုခဲ့သောထွက်ချက်များကို သက်သေခံအက်ဥပဒေ ပုဒ်မ ၁၄၅ အရ သက်သေ၏ထွက်ချက်သည် ရှေ့နောက်မညီကြောင်း ပြဆိုရန် အတွက် မေးမြန်းသည့်အခါတွင်လည်းကောင်း၊ ယင်းဥပဒေ ပုဒ်မ ၁၅၅ အရ သက်သေအား မယုံကြည် ထိုက်ောကာင်း ဖော်ပြရန်အတွက် မေးမြန်းသည့်အခါတွင်လည်းကောင်း၊ အသုံးပြုနိုင်သည်မှအပ အမှု စစ်ဆေးရာ၌ သက်သေခံအဖြစ် အသုံးမပြုနိုင်ကြောင်းဖြင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၂ တွင် ပြဌာန်းထားသည်။
ဦးစိန်ထွန်း နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၈၀ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၃

၂။ သက်သေ၏ ရဲအရာရှိရှေ့အစစ်ခံချက်သည် အမှုစစ်သောရုံးတော်က အမှုတွင် ထည့်သွင်းစဉ်းစားနိုင် သော သက်သေအစစ်ခံချက်မဟုတ်။ ထိုသက်သေ၏ အစစ်ခံချက်ကို ယုံကြည်ထိုက် မယုံကြည်ထိုက် သို့မဟုတ် တန်ဖိုးမည်မျှ ရှိသည် မရှိသည်ကို ချိန်ဆနိုင်ရန်သာဖြစ်သည်။ ရဲထံနှင့် ရုံးရှေ့ထွက်ဆိုချက် မည်သည့် အစစ်ခံချက်က မှန်သနည်းမေးသောအခါ သက်သေက ရဲအရာရှိထံ အစစ်ခံခဲ့သော အစစ်ခံချက် မှန်ပါသည်ဟု ထွက်ဆိုလျှင် ထိုမှန်ကန်သည် ဆိုသော ရဲအစစ်ခံချက်သည် ပုဒ်မ ၁၆၂ တွင် တားမြစ်ထား သော ရဲအစစ်ခံချက် မဟုတ်တော့ဘဲ ထိုသက်သေက ရုံးရှေ့ကိုယ်တိုင် အစစ်ခံသော အစစ်ခံချက်အခြေသို့ ရောက်နေ၍ အစစ်ခံချက်များကို အမှုစစ်ဆေးရာ၌ ထည့်သွင်းစဉ်းစားနိုင်သည်။
ချစ်လှိုင်၊ ချစ်နိုင်၊ သိန်းအောင် ပါ ၂၂ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၅၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ (တရားလွှတ်တော်) ၅၈၂


သင်မြင်ကြား ဆရာသုံးလီ ရှိခိုးပါ၏

မမေ့လျော့သင့်သော မှတ်စုတိုများ

၂၄.၃.၂၀၁၅ အင်္ဂါနေ့
လားရှိုးမြို့
၃။ သက်သေထွက်ချက်ကို ချိန်ဆရာ၌ သက်သေအရေအတွက်ထက် သက်သေအရည်အသွေးက အရေး ကြီးသည်။ သက်သေခံအက်ဥပဒေ ပုဒ်မ ၁၃၄ အရလည်း အကြောင်းခြင်းရာတစ်ရပ်ကို အထင်အရှား ဖြစ် စေရန် သက်သေများ၏ သက်သေခံချက် မည်၍မည်မျှ ရှိရမည်ဟု ကန့်သတ်ချက်မရှိကြောင်း ပြဌာန်းထား သည်။ သက်သေတစ်ဦးတည်း၏ ထွက်ဆိုချက်သည် အမှုအခြေအနေအရပ်ရပ်အရ ယံကြည်ထိုက်လျှင် ယင်းသက်သေ၏ ထွက်ချက်ကို လက်ခံပြီး အဆုံးအဖြတ် ပေးနိုင်သည်။
မောင်ဝင်းမောင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၇၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၀၆

ပထမသတင်းပေးတိုင်တန်းချက်နှင့် သက်သေခံတန်ဖိုး



ပထမသတင်းပေးတိုင်တန်းချက်နှင့် သက်သေခံတန်ဖိုး
၁။ ပထမသတင်းပေးတိုင်တန်းချက်သည် ကျမ်းသစ္စာပြုထားသော ထွက်ချက်မဟုတ်ပေ၊ ပြန်လှန်မေးခွန်း ထုတ်ရန်လည်း အခွင့်အရေးမရသည့်တိုင်ချက် မှတ်တမ်းတစ်ခုဖြစ်၍ အခြေခံအထောက်အထားအဖြစ် အသုံးမပြုနိုင်ချေ။ ရုံးရှေ့ထွက်ဆိုချက်ကို သက်သေခံအက်ဥပဒေ ပုဒ်မ ၁၅၇ အရ ထောက်ခံသည့် အနေဖြင့်လည်းကောင်း၊ ယင်းဥပဒေ ပုဒ်မ ၁၄၅ အရ ဆန့်ကျင်သည့် အနေဖြင့်လည်းကောင်း အသုံးပြုနိုင်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံ နှင့် ဝင်းမင်း (ခ ) ညီညီ (ခ ) ဝင်စတန်ခင်မောင်ကြီး
၁၉၉၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၁၂၁

၂။ ပထမသတင်းပေးချက်သည် သတင်းပေးသူ၏ ထွက်ချက်ကိုသာ ထောက်ခံသည့်အနေဖြင့် အသုံးပြု ရမည်။ အခြား သက်သေတို့၏ ထွက်ချက်များကို ထောက်ခံသည့် သက်သေ အထောက်အထားအဖြစ် အသုံးမပြုနိုင်ပေ။
မောင်တင်လှိုင် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၆ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံစီရင်ထုံး စာမျက်နှာ ၆၅၄


သင်မြင်ကြား ဆရာသုံးလီ ရှိခိုးပါ၏

မမေ့လျော့သင့်သော မှတ်စုတိုများ

၂၄.၃.၂၀၁၅ အင်္ဂါနေ့
လားရှိုးမြို့

Tuesday, March 17, 2015

အမှားကြာလာတော့ အမှန်တဲ့လား .......

မှားပါများတော့ အမှန်တဲ့လား .......

တစ်ချိန်က
ကျွန်တော်
ကလေးတစ်ယောက်က
သူ့အဖေကို ပြန်ပြောဘူးတာ
ကြားဘူး မြင်ဘူးခဲ့တယ် ....

`` အဖေ
သားက ဝလုံးရေးတဲ့ သူငယ်ချင်းတွေကြားမှာ
ကကြီးရေးတတ်တဲ့
လူတတ် လူတော်ကြီး ``​တဲ့

တစ်ချိန်က
ကျွန်တော်
တက္ကသီလာ မြကျွန်းသာရဲ့
အင်းဝဆောင်မှာ
သူငယ်ချင်း တစ်ယောက် ပြောတာကို
ကြားဘူး မြင်ဘူးတယ် .....

`` သူငယ်ချင်း
ငါက မင်းထက် စာတွေကို
နှုတ်တိုက် အလွတ်ရွတ်ပြနိုင်တဲ့
စာတော်ကြီး `` တဲ့

တစ်ချိန်က
ကျွန်တော်
တရားသူကြီး ပေါက်စဘဝမှာ
ဆရာတစ်ယောက်က ပြောတာကို
ကြားဘူး မြင်ဘူးတယ် .......

``ငါနဲ့ဆုံတဲ့
ရာထူးငယ်တဲ့သူတွေဟာ
ခက်ညံ့ညံ့နဲ့ ငါ့လောက်မတတ်တဲ့
တပည့်တွေ `` တဲ့

တစ်ချိန်က
ကျွန်တော်
နဲနဲလုပ်သက်ရတဲ့ဘဝမှာ
အမြင့်ဆုံးက ပြောတာကို
ကြားဘူး မြင်ဘူးတယ် ......

``တပည့်ရေ
တွေ့သမျှ ဆရာတွေရဲ့
ကောင်းတာကို လေ့လာရင်
မင်း တစ်နေ့ တစ်နေရာကို
ဆုပ်ကိုင်နိုင်မှာပါ`` တဲ့

ပြီးတော့
`` မင်းတို့ကို
ငါနဲ့ ကြုံဆုံရတာကို 
ကံဆိုးတယ်လို့ ထင်ခဲ့တာကို
တစ်နေ့ကျရင်သိလာမယ် ....
ငါ့ထက် အဆ ၁၀၊ ၁၀၀ မက
ဆိုးတဲ့သူတွေ မြင်ရမယ် `` တဲ့

အမှားတွေကို
ရင်ဝယ်ပိုက် နားထောင်ရင်း
ယုံကြည်ရာလမ်းတွေမှာ
နောက်လူတွေက
အမှားကို အမှန်လို့ မြင်လာတဲ့အခါ
တစ်ချိန်က
ကြားရ မြင်ရ ဆုံရ တွေ့ရကို
သတိယပါတယ် .......

အမှားကို အမှားလို့ မြင်နိုင်ပြီး
အမှန်ကို အမှန်လို့ ဆုပ်ကိုင် တွယ်ဖက်ပြီး
ကျွန်တော် 
ရှင်သန် ဖြတ်သန်း လျှောက်နေရဦးမှာပါ .....

တစ်ချိန်က မမေ့လျော့အောင် ဆိုဆုံးမခဲ့သော
အာစရိယအနွယ်ဝင် ဆရာ့ ဆရာများအား
သတိယ အောက်မေ့ တမ်းတလျက်

၁၇.၃.၂၀၁၅ အင်္ဂါနေ့
လားရှိုးမြို့

Friday, March 13, 2015

အပြုအမူအရ ဆန့်ကျင်သောအဖြစ်သို့

အပြုအမူအရ ဆန့်ကျင်သောအဖြစ်သို့

လူတစ်စု၌ မည်ကဲ့ သို့သော ရည်ရွယ်ချက်မျိုး ရှိသည်နှင့်ပတ်သတ်၍ တိုက်ရိုက်သက်သေခံချက်များ
ရရန် အလွန်ခဲယဉ်းသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၄၀ ၏ ရှင်းလင်းချက်၌ အစုအဝေးတစ်ခုသည် စုဝေးစက ဥပဒေနှင့်
ဆန့်ကျင်သည့် အစုအဝေး မဟုတ်သော်လည်း နောက်ပိုင်းတွင် မတရား အစုအဝေး ဖြစ်လာနိုင်သည်
ဟု ပြဌာန်းထားသည်

တစ်ဦးက ပြုလုပ်သည့်ပြုလုပ်မှုများကို ကျန်လူများက ထောက်ခံသည့် သဘောရှိသည့်
ဟန်အမူအရာများကိုလည်း ပြသခဲ့သည်။
ထို့ကြောင့် ၄င်းတို့၏ အစုအဝေးသည် မူလ ကနဦးကပင် ဥပဒေနှင့် ဆန့်ကျင်သော
အစုအဝေး မဟုတ်စေကာမူ ကျောင်းသို့ရောက်ပြီးနောက်ပိုင်း၌ ဥပဒေနှင့်ဆန့်ကျင်သော
အစုအဝေးအဖြစ်သို့ ဆိုက်ရောက်ခဲ့သည်မှာ အလွန်ထင်ရှားသည်။

ဦးတင်ညွန့် (ခ) ချိန်တိမ်ယူ ပါ ၁၁ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ
၁၉၆၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး (တရားလွှတ်တော်ချုပ်) စာမျက်နှာ ၂၈၂

အမှန်တကယ် သိနားလည်ရန် လိုသော ဥပဒေအနှစ်သာရများ

လားရှိုးမြို့
၁၃.၃.၂၀၁၅ ရက်နေ့ 

တစ်ယောက် တစ်မျိုး အားလုံးပေါင်းတော့

တစ်ယောက် တစ်မျိုး အားလုံးပေါင်းတော့

လူတွေ လူတွေ
တွေ့ဘူး ကြုံးဘူး
ဆုံဘူး ပေါင်းဘူး
မြင်ဘူး ကြားဘူး
အမျိုးမျိုး၊ အများကြီးဘဲဗျာ ....

အရှေ့ အနောက်
တောင် မြောက်
အပေါ် အောက်
အဆင့်မြင့် အောက်ခြေ
အလယ်အလတ်
အယုတ်အညံ အမြတ်
ဆိုတဲ့ အားလုံးကိုပေါ့ဗျာ ......

မှန်တယ် မှားတယ်
မမှန်မမှား ဝေတိဝေဝါး
ကောင်းတယ် ဆိုးတယ်
မကောင်းမဆိုး ဝါးတားတား
တော်တယ် ညံတယ်
မတော်မညံ ရေလိုမျိုး
မြတ်တယ် ယုတ်တယ်
မမြတ်မယုတ် အရှုပ်လိုဘဲ
ဒါမျိုးတွေ ပေါင်းစုံပေါ့ဗျာ .........

လမ်းတွေတိုင်း
မှတ်တိုင်တွေတိုင်း
သမိုင်းတွေတိုင်း
ကောင်းတာတွေထက်
ဆိုးတာတွေက ပိုပိုများလာတယ် .......

တစ်ယောက်တစ်မျိုး
အမျိုးမျိုး အထွေထွေ
စုံလင်နေကြတဲ့အခါ
အိပ်မက်တွေက နိုးထလာတဲ့အခါ
အားလုံးပေါင်း တွေးကြည့်မိတယ် ........

လူသားတွေက
လောဘတွေ၊ ဒေါသတွေ
မောဟတွေ။ မာနတွေ
နောက်ဆုံးတော့
အတ္တတွေနဲ့
ရှင်သန်နေကြတာ
အားလုံးပေါင်းတော့
ကိုယ့်ကိုယ်ကို
လူသားဆိုတဲ့ အသိတရားတစ်ခုနဲ့
ရှင်သန်နေကြတာပါဘဲ ......

အားလုံး မေတ္တာတရား
ဖြူစင်သောနှလုံးသားများ
ဘုရားရှင်များရဲ့ အဆုံးအမများနဲ့
လူသားအသိပိုင်ဆိုင်နိုင်ဆိုင်ပြီး
အစစငြိမ်းချမ်းသောဘဝများ 
ပိုင်ဆိုင်နိုင်ကြပါစေ ......

လောက်ကိုင်ဒေသ လောင်မြိုက်မီးများမှ အမှတ်တယ
လွန်ခဲ့သော ၂၇ နှစ် အင်းဝဆောင် ဥပဒေကျောင်းသားဘဝ အမှတ်တယ

လားရှိုးမြို့
၁၃.၃.၂၀၁၅ ရက်နေ့၊ သောကြာနေ့ 

တရားခံအဖြစ် အစစ်ခံသော သက်သေခံတန်ဖိုး

တရားခံအဖြစ် တရားခံတစ်ဦးက ရုံးရှေ့ထွက်ဆိုလျှင်

ရည်ညွှန်းချက်။        ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၄၂ (၁) (၂) (၃)

ပြစ်မှုတစ်ရပ်ရပ်ဖြင့် စွဲဆိုခြင်းခံရသူသည် ၄င်းတစ်ဦးတည်းဖြစ်စေ၊ ပူးတွဲ၍ဖြစ်စေ အဆိုပါပြစ်မှုနှင့်
သက်ဆိုင်သည့် မည်သည့်စုံစမ်းမှု သို့မဟုတ် စစ်ဆေးစီရင်မှု အတွက်မဆို မိမိအတွက် အရည်အချင်း
ရှိသော သက်သေတစ်ဦးဖြစ်စေရမည်။

       ထိုပြင် ယင်းသက်သေခံချက်ကို ၄င်းနှင့်အတူ ပူးတွဲစစ်ဆေး စီရင်ခြင်းခံရသူ / သူများအပေါ် ဆန့်ကျင်ပြီး အသုံးပြုနိုင်သည်။ သို့ရာတွင် ယင်းပုဒ်မခွဲ (၁) ပါ ခြွင်းချက်များကို လိုက်နာရမည်။

``  တရားခံတစ်ဦး၏ ဖြေကြားချက်သည်  ကျမ်းဖြင့် အစစ်ခံခြင်းမဟုတ်သဖြင့် တန်ဖိုးမရှိဟု
အထူးရာဇဝတ်ရုံးက မှတ်ချက်ပြုခဲ့သည်။ ကျမ်းဖြင့် အစစ်ခံလျှင် တရားလိုဖက်က ပြန်လှန် စစ်မေးနိုင်သည်။
ထိုသို့ မေးခွန်းထုတ်ခွင့် ရရှိလျှင် ဖြေကြားချက်သည် ပိုမိုလေးနက်မည် မှန်၏။ သို့ရာတွင်
ထိုဖြေကြားချက်ကို လုံးဝတန်ဖိုးမထားရ ဟူ၍ မယူဆနိုင်။ အချက်အလက်များနှင့် ပေါင်းစပ်၍
ထည့်သွင်း စဉ်းစားနိုင်သော ဆီလျော်သည့် အကြောင်းအချက်တစ်ရပ် ဖြစ်သည်။ ``

ဒေါ်ဦး ပါ ၃ နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် 
၁၉၆၇ ခုနှစ်၊ မြန်မာနိုင်ငံစီရင်ထုံး (အထူးရာဇဝတ်အယူခံရုံး)၊ စာမျက်နှာ၄၉

ဝေဝါးနေသော မှတ်စုတိုများမှ

အောင်ဆန်း ၇ မှ ထာဝရ ဂုရုဆရာများသို့ အမှတ်တယတမ်းချင်းများ

လားရှိုးမြို့
၁၃.၃.၂၀၁၅ ရက်နေ့၊ သောကြာနေ့

Monday, March 9, 2015

စီရင်ထုံးများ ... ခေါင်းစီးမှတ်ချက်..... နိုင်ငံခြားစီရင်ထုံးများ ...... ကိုးကားကြရာတွင်

စီရင်ထုံးများကို ကိုးကားကြရာတွင် 

         တရားစီရင်ထုံးဟူသည် မှန်ကန်မျှတ၍ တရားဥပဒေနှင့် ညီညွတ်မှသာလျှင် လမ်းညွှန်တစ်ရပ်
 ဖြစ်နိုင်သည်။
××××××××××××××××××

စီရင်ထုံးကို ကိုးကားရာတွင် စီရင်ချက်အပြည့်အစုံကို ဖတ်ရှု့မှသာလျှင် အမှုအချက်အလက်တို့ကို သိမြင်နိုင်သည်။
ခေါင်းစီးစမှတ်ချက်တို့သည် အကြောင်းအရာ ဆုံးဖြတ်ချက်ကို အရိပ်ပြခြင်းမျှသာ ပြုနိုင်သည်။

စီရင်ထုံးပါ အမှုအကြောင်းအရာနှင့် ဆုံးဖြတ်ရန် အမှုအကြောင်းအရာတို့ကို ကောင်းစွာ နှိုင်းယှဉ်ရသည်။

နိုင်ငံခြားစီရင်ထုံးများကို လေ့လာလျှင်လည်း သူတို့၏အခြေအနေ နောက်ခံအပြင် သူတို့၏ ဥပဒေကိုပါ အတိအကျ လေ့လာအပ်သည်။ ××××× ပြင်ဆင်ပြဌာန်းသည့် ဥပများကိုလည်း မကြည့်ဘဲ စီရင်ထုံး၏
ခေါင်းစီးမှတ်ချက်ကိုသာ အပေါ်ယံဖတ်ကာ မြန်မာနိုင်ငံမှုခင်းများကို ဆုံးဖြတ်ကြလျှင် အမှားအယွင်းများ၍
မမျှတ မညီမညွတ်ဖြစ်မည်။ မြန်မာ့တရားစီရင်ရေး ဆိတ်သုဉ်းမည်။

ထို့ကြောင့် နိုင်ငံခြားစီရင်ထုံးများကို ဗဟုသုတအလို့ငှာ လေ့လာကောင်းသော်လည်း  အမှီသဟဲ မပြုအပ်။

ဦးထွန်း ပါ ၂ နှင့် ဒေါ်သိန်းငွေ ပါ ၂ 
၁၉၇၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံးများ စာမျက်နှာ ၈၃ 

ဝိရောဓိ ဖြစ်နေသော အာစရိနှစ်သွယ်တို့၏ အမှတ်တယ ဒဿ     နများ
လားရှိုးမြို့


၉.၃.၂၀၁၅ တနင်္လာနေ့
 

Tuesday, March 3, 2015

အခြေခံ ပြစ်မှုဆိုင်ရာ စီရင်ချက်



ပြစ်မှုဆိုင်ရာ မူလမှုခင်းများတွင် စီရင်ချက်ရေးသားခြင်း

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၆၇
ပုဒ်မခွဲ (၁) ပါဝင်ရမည့်အချက်များ
(၁) ဆုံးဖြတ်ရမည့် အချက် သို့မဟုတ် အချက်များ (Point or Points of determination)
(၂) အဆိုပါအချက်တို့အပေါ် ဆုံးဖြတ်ချက် (Decision thereon) နှင့်
(၃) ယင်းဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်များ (Reasons sor such decision)

ပုံစံ
ရာဇဝတ်ပုံစံ - ရာဇဝတ်ပုံစံ အမှတ် ၉၊ ရာဇဝတ်မူသေစာအုပ်

ခေါင်းစဉ်းပိုင်း
(က) စီရင်ချက်ချမှတ်သည့် ရုံးအမည်
(ခ ) စီရင်ချက်ချမှတ်သည့် ရက်စွဲ
(ဂ ) အမှုအမှတ်
(ဃ) တရားလို၊ တရားခံများ အမည်အပြည့်အစုံ
(င ) အကျိုးဆောင်များ အမည်

စီရင်ချက်ပိုင်း (အမှုသက်သေခံ၊ သက်သေခံချက်များ၊ အမှုပေါ်ပေါက်ချက်၊ ပြစ်မှုအပေါ်
       ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်)
(က) အမှုအကျဉ်း ဖော်ပြချက်
( ခ) တရားလိုဖက်သက်သေခံချက်များ အကျဉ်း
( ဂ) စွဲချက်  (ဝရမ်းမှုများ)
(ဃ) တရားခံဖက်သက်သေခံချက်များ အကျဉ်း
( စ) အမှုပေါ်ပေါက်ချက်များနှင့် သုံးသပ်ချက်       - ဆုံးဖြတ်ရန်အချက်များ - တိတိကျကျ သုံးသတ်ရန်
(ဆ) ပြစ်မှုကျူးလွန်မှုအပေါ် သုံးသပ်ချက်            - ထိုအချက်များပေါ်မှ ဆုံးဖြတ်ချက် - တိတိကျကျ       
                                                                  သုံးသတ်ရန် × ထင်မြင်ချက် မဖြစ်ရ
(ဇ ) ပြစ်ဒဏ်ပေးခြင်းအပေါ် သုံးသပ်ချက်           - ထိုဆုံးဖြတ်ချက်များအတွက် သုံးသပ်ချက်

အမိန့်ပိုင်း (ပြစ်မှုကျူးလွန်မှုနှင့် ပြစ်ဒဏ်ပိုင်း)
          ၁။ ပြစ်မှုကျူးလွန်သည့်အပိုင်း
(က) တရားခံအတွက် ညွှန်းဆိုချက်
(ခ ) သက်ဆိုင်ရာ ဥပဒေနှင့်ပုဒ်မအရ ပြစ်မှုကျူးလွန်ခြင်း ရှိ-မရှိ
          ၂။ ပြစ်ဒဏ်ပိုင်း
(ဂ ) ပြစ်ဒဏ်ချမှတ်သော ဥပဒေ ပုဒ်မ သို့တည်းမဟုတ် တရားသေလွှတ်ခြင်း
(ဃ) ပြစ်ဒဏ်နှင့်ပတ်သတ်၍
          ၁။ အလုပ်ကြမ်း / အလုပ်နှင့် / အလုပ်မဲ့
          ၂။ ပြစ်ဒဏ်တစ်ခုထက်ပိုပါက ပြစ်ဒဏ်များအား
          တစ်ခုပြီးမှ တစ်ခုကျခံစေခြင်း (မူသဘော)
          သို့မဟုတ် တစ်ပေါင်းတည်း ကျခံစေခြင်း (ချွင်းချက်)၊
၃။ ချုပ်ရက်ထုတ်နှုတ်ခံစားစေခြင်း သို့မဟုတ် ခံစားခွင့် မပြုစေခြင်း၊
(င ) ငွေဒဏ်နှင့်ပတ်သတ်၍
          ၁။ များလွန်းခြင်းမဖြစ်စေရ၊
          ၂။ ငွေဒဏ် ကန့်သတ်ချက် (အနည်းဆုံး / အများဆုံး)၊
          ၃။ ငွေဒဏ် မဆောင်က ထောင်ဒဏ်သတ်မှတ်ချက်၊
          ၄။ ထောင်ဒဏ်ပါ ပါရှိပါက ငွေဒဏ်မဆောင်သည့် ထောင်ဒဏ်နှင့် သီးခြားစီကျခံစေရန်၊
(င ) သက်သေခံပစ္စည်း စီမံခန့်ခွဲမိန့်
          ၁။ ပြည်သူ့ဘဏ္ဍာသိမ်းခြင်း
          ၂။ သက်ဆိုင်ရာသို့ အပ်နှံစေခြင်း - ဥပမာ မူးယစ်ဆေးဝါးများ
          ၃။ ပိုင်ရှင်သို့ ပြန်ပေးခြင်း၊
          ၄။ ဖျက်စီးခြင်း - အယူခံရက်ကျော်က
          ၅။ အခြားသင့်လျော်သော အမိန့်

Wednesday, February 25, 2015

အသံလေးတစ်ခု .....

အသံလေးတစ်ခု

အင်တာနက်က ကျနေတော့
ကျွန်တော့်အသံလေးတစ်ခု
တိုးတိတ်နေတာ တော်တော်ကြာသွားတယ် ....

၉.၂.၂၀၁၅ ရက်နေ့က စပြီး
မြန်မာရဲ့ အရှေ့မြောက်မှာ
ယမ်းခိုးဝေ သေနတ်သံ
အမြောက်သံ လေယာဉ်သံ
ရဟတ်ယာဉ်သံတွေ
လူသားတွေရဲ့ ငြီးတွားသံ
အော်သံတွေ
အင်တာနက်က ပျံလွင့်လာတဲ့အသံ
ပေါင်းစုံနဲ့ ကျွန်တော် အလုပ်ရှုပ်နေတယ် ...

လူမှုကွန်ယက်ကြောင့်
၁၃.၂.၂၀၁၅ ရက်နေ့
ကျွန်တော့်ရဲ့ ချွေးနဲစာလေးနဲ့
စစ်ဘေးရှောင် ဆရာ၊ ဆရာမများအတွက်
ဆန် တစ်အိတ်၊ ဆီတစ်ပုံး၊ ရေသန့်ဘူးများနဲ့
မှတ်မှတ်ယယ ၁၀၀ နှစ်ပြည့်မှာ
လှူလိုက်တယ်ဗျာ .....
အများကြီးမဟုတ်ပေမဲ့
ကန္တာရက ရေကြည်တစ်ပေါက်လောက်ပေါ့ .....

ရှမ်းမြောက်လမ်းတွေဟာ
သရဲခြောက်တယ်ဆိုတဲ့
မလုံခြုံသလို ကျီးလန့်စာစား
သွားလာနေရပြီး
အခုထိလည်း ........

အရာရာဟာ
သမိုင်းတစ်ပတ်လည်သလိုဘဲဆိုတာ
ကလေးတုန်းက ကျွန်တော်ဟာ
ဆုံးသွားတဲ့အဖေကို
မျက်စိစုံမှိတ် ငြင်းခဲ့ဘူးတယ် ....

အခုတော့
တစ်ဘဝခြားတဲ့ အဖေပြောတဲ့
ဆရာများပြောတဲ့
သမိုင်းဆိုတာ တစ်ပတ်လည်တာလားဗျာ ....

မှတ်မှတ်ယယ ကွယ်လွန်လေသူ ဖခင်ကြီးသို့

၂၅.၂.၂၀၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့
လားရှိုးမြို့ 

Wednesday, February 4, 2015

သူငယ်ချင်း ဆိုတာ

သူငယ်ချင်း

ကျွန်တော်
တက္ကသီလာ
ုမြကျွန်းသာကို
ရောက်ခဲ့တုန်းကပေါ့ဗျာ

သူတစ်ပါးကို
ရိုးသားခင်မင်
ကူညီတဲ့သူတွေနဲ့
ပေါင်းခဲဘူးတယ် .....

ဂစ်တာခေါက်
အရက်သော်
မူးယစ်ပျော်ပါး
သီချင်းတွေ သီဆိုဘူးတယ် .....

ရှေ့မှတစ်မျိုး
နောက်ကွက်ကျဆိုး
အကျင့်ယုတ်နဲ့
လူတွေကို ကြုံဘူးတယ် .....

နိုင်ငံရေးကိုချစ်တဲ့
ပန်းချီကိုချစ်တဲ့
ယုံကြည်ရာမှာ
စီးမျောတဲ့သူတွေ
အဖုံဖုံပါဘဲ .....

ဆင်းရဲ ချမ်းသာ
အရပ်ရှည် ပုတို
ဝတုတ် ပိန်ညှောင်
သဏ္ဍန်ကွဲ
စိတ်မတူ
မွေးနေ့တွေ ကွဲ
လူတွေအများကြီးပါဘဲ .....

ချစ်ခင်သလို
ခင်တွယ်သလို
တွယ်တာသလို
အားကိုးသလို
အမျိုးမျိုးနဲ့
ဒဿဂီရိတွေလို နေတတ်ခဲ့ရတယ် .....

သူငယ်ချင်းဆိုတာ
ကောင်းတာ
ဆိုးတာ
ရွေးချယ်ပိုင်ခွင့် မရှိ
တားဆီးပိုင်ခွင့် မရှိ
အားလုံးဟာ
လူသားနှလုံးသားနဲ့ အရင်းခံပြီး
ပေါင်းသင်းရမှာ လောကရဲ့အမှန်တရား .......


၁၉၈၅ ၁၉၉၃ ဥပဒေ ဘွဲ့ရ 
အင်းဝဆောင်မှ သူငယ်ချင်းများသို့ တမ်းချင်း

လားရှိုးမြို့
၎.၂.၂၀၁၅ ဗုဒ္ဓဟူးနေ့

Monday, February 2, 2015

မူးယစ်ဆေးဝါးမှုတွင် နေအိမ်နှင့် သက်သေပြရန်တာဝန်

မူးယစ်ဆေးဝါးမှုတွင် နေအိမ်နှင့် သက်သေပြရန်တာဝန်

တရားခံ၏အိမ်အဖြစ် သက်သေအထောက်အထားများ ရှိနေသောအမှုတွင် မိမိနေထိုင်ကြောင်း တရားခံက သက်သေပြရန်တာဝန်ရှိသည်။

ဒေါ်စိန် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၀၀၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၃၂ 

Monday, January 26, 2015

လင်းခေး နမ့်တိမ်းချောင်းနဲ့ မိုင်းပန်


မိုင်းပန်မြို့သို့တစ်ခေါက်
မိုင်းပန်မြို့ဝင်ဘုရားမှာ အမှတ်တယ

လင်းခေးမြို့၊ နမ့်တိမ်းချောင်းလေး

ိမှတ်မှတ်ယယပုံရိပ်များ 

ချင်းအမျိုးသားနေ့ အမှတ်တယ် ....

ကျွန်တော် အရင်က ဟားခါးမှာ တာဝန်ကျစဉ်က အမှတ်တယ ပုံရိပ်များ
ဟားခါးမြို့ကို မြူပင်လယ် တိုက်ခတ်နေပုံ
၂၀၁၄ ခုနှစ်၊ ချင်းအမျိုးသားနေ့တွင် ချင်းဝတ်စုံလေးများနဲ့ ချင်းမလေးများ





ချင်းအမျိုးသားနေ့အကြို
ကျွန်တော်ရိုက်ကူးခဲ့သော နှစ်သက်ဖွယ်
မှတ်မှတ်ယယ ပုံရိပ်လေးများ

၂၀၁၅.၁.၂၆ တနင်္လာနေ့ 
လားရှိုးမြို့
ရှမ်းပြည်နယ် -  မြောက်ပိုင်း

Wednesday, January 21, 2015

တွေ့ကြ ကြုံရ လူ့ဘဝများ

တွေ့ကြ ကြုံရ လူ့ဘဝများ

ဒီနေ့မှာ
တွေးမိတာလေးတစ်ခုကို
ရေးချင်လာခဲ့တယ် ....

လူကုန်ကူးခြင်းကိစ္စ
လူလူချင်း ရောင်းကြတဲ့
လူလူချင်း ကုန်ပစ္စည်းလို ဖလှယ်ကြတဲ့
ဘယ်လိုမြင်ရသလဲဆိုတာ .....

မကောင်းတဲ့နေရာကို ရောင်းကြတယ် ....
မယားအဖြစ် ပေါင်းဖို့ ရောင်းကြတယ် .....
ငွေလိုချင်လို့ ကိုယ့်ကိုယ်ကို ရောင်းကြတယ် ......

လူမျိုးတူချင်း ဆွေမျိုးချင်း
မိတ်ဆွေချင်း ဇာတိတူချင်း
တစ်ဆင့် တစ်ဆင့်နဲ့ ရောင်းကြတယ် ....

အခုကြတော့
သမီးကိုတောင် ရောင်းလာတယ် ....
သမီးအပြင် အခါလယ်မြေးမကိုပါ အဆစ်ထည့်ရောင်းကြတယ် ....

တစ်ဖက်နိုင်ငံမှာ
ကျွန်တော်တို့ငွေဈေးနဲ့
သိန်း ၅၀၊ ၁၀၀၊ ၃၀၀၊ ၄၅၀ အစစနဲ့
လူအမျိုးမျိုး ဈေးနှုန်းပေါက်ကြတယ် .....

သားသမီးကို
အပျို ....
အအို .....
ပေါက်စန ....
အရွယ်စုံကို
ဈေးအမျိုးမျိုးနဲ့
ရောင်းချလာတာကို
တွေ့ရတယ် ....

အရင်ကလို
တစိမ်းက ရောင်းတာထက်
အနားက အရင်းကြီးတွေက
ဈေးဗန်းထဲ ထည့်ရောင်းလာကြပြီ

မယုံကြည်ပေမဲ့
မြင်လာ တွေ့လာရတော့
ငွေဆိုတာကို
လူကို ဝယ်နိုင်သလိုတောင်
ရင်ထဲကို နက်နက်ရှိုင်းရှိုင်းနဲ့
အရိုင်းစိတ်တွေနဲ့
လူတွေကို မြင် မြင်လာရတယ် .....

လူအများ လူသားချင်း ရောင်းဝယ် ဖောက်ကားခြင်း
အရှင်း ကင်းဝေးကြပါစေ .....
သံသရာမှာ လူသားအသိနဲ့ နှလုံးသားများ ရင်ထဲသို့ ရောက်ပါစေ ....

မြင်တွေ့ရသော ရိုင်းစိုင်းသောသူများ၏ ဒဿနများ

လားရှိုးမြို့
၂၁.၁.၂၀၁၅ ဗုဒ္ဓဟူးနေ့ ၁၀း၀၀

Tuesday, January 20, 2015

ဖြောင့်ချက် နှင့် တရားရုံးရှေ့သက်သေခံခြင်း

ဖြောင့်ချက်

ရည်ညွှန်းချက်။       ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃
                         ၂။ တရားရုံးများလက်စွဲ အပိုဒ်
                         

ဥပဒေနှင့်အညီ ထုံးနည်းတကျ ရယူထားသော ဖြောင့်ချက်ကို ဖြောင့်ချက်ယူသူ တရားသူကြီးကို ခေါ်ယူစစ်ဆေးခြင်းမပြုဘဲ သက်သေခံအက်ဥပဒေ ပုဒ်မ ၈၀ အရ အဆိုပါဖြောင့်ချက်ကို အမှုစစ်တရားရုံးအနေဖြင့် စစ်မှန်သည်ဟု မှတ်ယူနိုင်သည်။
သို့သော် ဖြောင့်ချက်ရေးမှတ်ယူရာတွင် နည်းလမ်းမကျမှု၊ ချွတ်ယွင်းမှုတစ်စုံတစ်ရာ ရှိပါက ဖြောင့်ချက်ရယူသော တရားသူကြီးကို သက်သေအဖြစ် စစ်ဆေးပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၃၊ ပုဒ်မခွဲ (၁) အရ ကုစားန်ဖြစ်သည်။ ၎င်း၏ကိုယ်စား အခြားတရားသူကြီးတစ်ဦးဦးကို သက်သေ အဖြစ် ခေါ်ယူစစ်ဆေးခြင်းပြုနိုင်မည်မဟုတ်ပေ။

တင်ရွှေ နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၁၃ မတစ စာ ၄၈ (၄၉)

Monday, January 19, 2015

တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်း သက်သေခံဝင်မှု


တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၅ နှင့် ၃၆
တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းကပ်ရန် လိုအပ်သည့် စာချုပ်စာတမ်းတစ်ခု သည် လိုအပ်သည့်တံဆိပ်ခေါင်းများ ကပ်ထားခြင်းမရှိပါက သက်သေခံအဖြစ် လက်ခံခြင်းမပြုရဟု ပြဋ္ဌာန်းထားသည်။
တံဆိပ်ခေါင်းအက်ဥပဒေ ပုဒ်မ ၃၆ အရ တံဆိပ်ခေါင်းကပ်ရန် လိုသည့်စာချုပ်စာတမ်းတစ်ခုသည် တံဆိပ်ခေါင်းမပါဘဲ တရားရုံးက အမှုတွင် သက်သေခံအဖြစ် လက်ခံထားပြီးဖြစ်လျှင် မည်သူကမျှ ယင်းစာချုပ်သည် သက်သေခံမဝင်ပါဟု နောက်ပိုင်းတွင်သော်လည်းကောင်း၊ အယူခံမှုတွင် သော် လည်းကောင်း ကန့်ကွက်ခွင့်မရှိကြောင်း အောက်စီရင်ထုံးများတွင် ကြည့်ပါ။
နာဇီစန် ပါ ၂ နှင့် မမလေး ၁၉၄၈ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၃၅၃
ဦးကာစင် ပါ ၃ နှင့် ဦးအုန်းရွေ ပါ ၅ ၁၉၈၀ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ ၈၃

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ