Monday, November 24, 2014

ငွေဒဏ် မပေးမဆောင် ပျက်ကွက်လေသောအခါ


ငွေဒဏ် မပေးမဆောင် ပျက်ကွက်လေသောအခါ


    ရာဇသတ်ကြီး ပုဒ်မ- ၈၊ ၆၄ မှ ၆၇ ထိ၊
    ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃၊
    တရားရုံးများ လက်စွဲ အပိုဒ် - ၆၈၂ မှ ၆၈၅ ထိ

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၃ မှ ၇၀ ထိ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၂ တို့အရ ငွေဒဏ် ချမှတ်ခြင်းခံရသူ၏ ငွေဒဏ်ထမ်းဆောင်နိုင်သော အခြေအနေကို ထိုက်သင့်စွာ မထောက်ထားဘဲ မည်သည့်အခါမျှ ချမှတ်ခြင်းမပြုရ။ 

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၈ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၂ တို့အရ များလွန်းသည့် ငွေဒဏ်များကို မချမှတ်စေရဟု ဥပဒေအရ တားမြစ်ထားသည်ကို သတိပြု၊ ရှောင်ကြဉ်ရမည်။

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၅ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၂) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ် ထိုက်သည့်ပြစ်မှုဖြစ်လျှင် ငွေဒဏ် မပေးမဆောင် ပျက်ကွက်သည့်အတွက် ချမှတ် သည့်ထောင်ဒဏ်မှ ယင်းပုဒ်မ- ၆၅ အရ ထိုပြစ်မှုအတွက် အများဆုံးသတ်မှတ်သည့် ထောင်ဒဏ် ၏ လေးပုံ တစ်ပုံထက် မပိုရ။ ထောင်ဒဏ်ချမှတ်သည်ဖြစ်စေ၊ မချမှတ်သည်ဖြစ်စေ ဤနည်းဥပဒေ နှင့် သက်ဆိုင်ရမည်။ 
ထို့ပြင်ထောင်ဒဏ်ငွေဒဏ်နှစ်စ်ရပ်လုံးမဟုတ်ဘဲ ထောင်ဒဏ်တစ်ခုတည်း ဖြစ်စေ၊ ငွေဒဏ်တစ်ခု တည်းဖြစ်စေ၊ ချမှတ်နိုင်သည့်အမှုများနှင့်လည်း သက်ဆိုင်စေရမည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃(၁)(က) နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၃) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်ထိုက်သည့် အမှုများတွင် ငွေဒဏ်တစ်ရပ်တည်းချမှတ်သောအခါ အထက်အပိုဒ်ခွဲ (၂) ပါ နည်းဥပဒေနှင့် မဆန့်ကျင်စေဘဲ မိမိရရှိသော သာမန်ရာဇဝတ်အခွင့် အာဏာ အကန့်အသတ်ထိ ထောင်ဒဏ်ချမှတ်နိုင်သည်။
          ဥပမာ။           ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၃၇၉ ရိုးရိုးခိုးမှုတွင် ငွေဒဏ်သက်သက်စီရင်လျှင် ပထမတန်းရာဇဝတ်တရားသူကြီးက ထောင်ဒဏ် ၉ လ၊ ဒုတိယတန်းရာဇဝတ်တရားသူကြီးက ခြောက်လ၊ တတိယတန်းရာဇ၀တ်တရားသူကြီးက ၁ လ ချမှတ်နိုင်သည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၃၃(၁)(ခ) နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၄) တို့အရ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး စီရင်သည့်အချက်တွင် ငွေဒဏ် မပေးမဆောင် ပျုက်ကွက်သည့် အတွက် ချမှတ်သည့်ထောင်ဒဏ် ကာလအပိုင်းအခြားသည် ရာဇဝတ်တရားသူကြီး၏ မူရင်စီရင် ပိုင်ခွင့်အာဏာရှိသည့် ကာလအပိုင်းအခြား၏ လေးပုံ တစ်ပုံထက်မပိုချေ။ 

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၇ နှင့် တရားရုံးများလက်စွဲအပိုဒ်- ၆၈၃ (၅) တို့အရ ငွေဒဏ်သက်သက် ထိုက်သင့်သော ပြစ်မှုဖြစ်လျှင် ငွေဒဏ် မပေးမဆောင်ပျက်ကွက်သည့်အတွက် တရားရုံးက ချမှတ်သည့်ထောင်ဒဏ်သည် -
          (က) အလုပ်မဲ့ထောင်ဒဏ် ဖြစ်ရမည်။
( ခ) ပြစ်မှုကျုးလွန်သူအား ငွေဒဏ် မပေးမဆောင်သည့်အတွက် တရားရုံးက ချမှတ်သည့် ထောင်ဒဏ်ကာလမှာ ကျပ် ၅၀ ထက် မပိုလျှင် ၂ လ ထက်မပိုစေရ၊ ကျပ် ၁၀၀ ထက် မပိုလျှင် ၄ လ ထက် မပိုစေရ၊ အခြားအချက်များတွင်  ၆ လ ထက် မပိုစေရ။
တတိယတန်းတရားသူကြီးများအနေဖြင့် ငွေဒဏ် မပေးမဆောင် ပျက်ကွက်သည့်အတွက် ထောင်ဒဏ် တစ်လ ထက်ပို၍ မချမှတ်နိုင်။ တရားရုံးများလက်စွဲ အပိုဒ်- ၆၆၅  

ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ- ၆၆ အရ ငွေဒဏ် မပေး မဆောင် ပျက်ကွက်သည့်အတွက် ချမှတ်သည့် ထောင်ဒဏ်မှာ ပြစ်မှုအတွက် စီရင်နိုင်သည့် မည်သည့် ထောင်ဒဏ်မျိုးမဆို ဖြစ်နိုင်သည်။

ချွင်းချက်
တရားရုံးများလက်စွဲ အပိုဒ် - ၈၁၅ နှင့် ၆၈၃၊ ၆၈၄ နှင့် ၆၈၅ တို့အား ရည်ညွှန်း၍ အထက်ပါ နည်းဥပဒေများသည် ဆန့်ကျင် ကွဲလွဲသော အခြားပြဌာန်းချက် သို့မဟုတ် အထူး သို့မဟုတ် ဒေသန္တရဥပဒေပါ ပြဌာန်းချက်များ အတိအလင်းမရှိပါက မည်သည့်အမှုမျိုးတွင်မဆို စီရင်သည့် ငွေဒဏ်အရပ်ရပ်နှင့် သက်ဆိုင်စေရမည်။
ချွင်းချက်။       တရားရုံးများ လက်စွဲ အပိုဒ် - ၈၁၅ အား ရည်ညွှန်း၍ ရဲအက်ဥပဒေ ပုဒ်မ- ၄၇ ၏ ချွင်းချက်တွင် ဤနည်းဥပဒေကို ပျက်ပြယ်စေသည့် အတိအလင်း ပြဌာန်းချက် ပါရှိသည်။

တိမ်မယောင်နဲ့ နက်၊ လွယ်မယောင်နဲ့ ခက်၊ သတိပြုစရာ မှတ်သားစရာများကို သင်ပြခဲ့သော သင်မြင်ကြား သုံးလီဆရာများကို ကျေးဇူးရှိခိုး အောက်မေ့လျှက် …
မေ့လျော့နေသော မှတ်စုတိုများ
လားရှိုးမြို့
၂၄.၁၁.၂၀၁၄ တနင်္လာနေ့

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ