Sunday, July 20, 2014

ဆယ်စုနှစ် ဆွေးမြေ့နေတဲ့ ပေကပ်သတ်တဲ့အမေးရဲ့အတွေး



လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက
ကျွန်တော်ဟာ အဝေးတစ်နေရာမှာ
ပညာသင် သွားခဲ့ဘူးတယ်ဗျာ ……

တစ်နေ့မှာ
Networking theory seminar တစ်ခုမှာ
လျှပ်စစ်ပေးတဲ့ နျုကလီးယားဓါတ်ပေါင်းဖိုလုပ်ငန်းရဲ့
အဓိက ဘေးအန္တရယ်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစီမံချက်ကို
ဘယ်လိုဆောင်ရွက်တာကို သင်ပေးခဲ့တယ်………
ကျွန်တော်ကတော့ အမှန်မှာ ကွန်ပြူတာပညာရှင် တစ်ယောက်မဟုတ်ဘဲ
Networking ကနေ ဥပဒေရေးရာ သီအိုရီကို လေ့လာသူ တစ်ဦးသက်သက်ပါ …………

အဲဒီလိုနဲ့ ၂-၃ နာရီလောက်အကြာမှာ
ကျွန်တော့်ဘေးက တရုတ်ကျောင်းသားနဲ့
ဘင်္ဂလားဒတ်ခ်ျကျောင်းဆရာသုတေသီတစ်ဦးက ဝိုင်းမေးကြတုန်းမှာ ကွန်ပြူတာကျောင်းသားမဟုတ်တဲ့ ကျွန်တော့်ကို တွေး ငေးကြည့်နေချိန်မှာ
နောက်ကျောင်းက ဆရာတစ်ယောက်က
                    ဟိုဥပဒေတပည့် မေးခွန်းတစ်ခု မေးပါတဲ့ ××××××

သူတို့နိုင်ငံဆိုတာ တအား တိကျ၊ စည်းကမ်းကို ဦးခေါင်းလို သဘောထား၊
သိက္ခာကို အသက်တမျှ တန်ဖိုးထား၊ တာဝန်ကို ရင်ဝယ်ပိုက် ၊
လူသားနဲ့ ပတ်ဝန်းကျင်သဘာဝကို မြတ်နိုးတဲ့ သူတွေနဲ့ပါ …………

သူတို့ ဆွေးနွေးနေတာက …………
တကယ်လို့……
တကယ်လို့များ ……
ငလျှင်လှုပ်၊ မီးတောင်ပေါက်၊ ရေကြီး မြေပြို
ရန်သူက အဝေးကနေ Missile နဲ့ပစ်
တကယ်လို့ ကမ္ဘာပျက်လို့ လူသားတွေ မရှိတော့ရင်တောင် …………
ဘယ်လိုဘဲဖြစ်ဖြစ် ………
ကာကွယ်ထားတဲ့ Plan A, B, C, D, E ……… ဆိုတဲ့ အဆင့်လိုက်
ကွန်ပြူတာစံနစ်အမျိုးမျိုးနဲ့ စက်ရုံတစ်ခုလုံး
အလိုလို ပိတ်အောင် ထိန်းချုပ်ထားတာတဲ့ ………
သိပ်သေချာတဲ့ နည်းစနစ်များရှိတယ်တဲ့ဗျာ ………

ကျွန်တော်က မေးလိုက်တဲ့ မေးခွန်းတစ်ခုကို
အားလုံးက အရှုးတစ်ယောက်လို မျက်လုံးပြူး ကြည့်တာကို
ဒီနေ့အထိ မြင်ယောင်နေဆဲပါ …………

×× လူတွေ တည်ထွင်ထားတဲ့ ကွန်ပြူတာထိန်းချုပ်ရေးစံနစ်တစ်ခုရဲ့
      လူသားတွေ စွမ်းဆောင်ရည်ကို ကျော်လွန်တဲ့
     အန္တရယ်တစ်ခုခု တကယ်လို့များ ဖြစ်လာလို့ …………
     စက်ရုံပိတ်တဲ့ နည်းစနစ်အားလုံး ရပ်သွားရင်ရော …………

ပညာရှင်အားလုံး ၃ မိနစ်လောက်တော့ ငြိမ်သွားပါတယ် ………
ခေါင်းတွေဆိုင် တီးတိုးရေရွတ်သံများ သဲ့သဲ့နဲ့
နောက်ဆုံးအသံ  တစ်ခုကြားပါတယ် ……………

မင်းက ကွန်ပြူတာပညာရှင် မဟုတ်
ဥပဒေသမားမို့လား မသိ ……………
ငါတို့ဟာ သိပ္ပံသမားတွေမို့
မင်းမေးသလို သဘာဝလွန်ဖြစ်ရပ်ကို မစဉ်းစားတတ်ဘူး ………

ကျွန်တော်က ဥပဒေသမားမို့ တွေးမိတာကို မေးတာလို့တော့ အတွန့်တက်မိတယ် …………
မေးခွန်း မေးပါလို့ ပြောတဲ့ဆရာနဲ့ ကျွန်တော့်ဆရာက ဆက်ပြောတယ် …………
မင်းပြောသလို ဖြစ်လာရင် မင်းဟာ ငါတို့လိုဆရာကို ပညာပေးတဲ့ သူဖြစ်မှာတဲ့ ………

ကျွန်တော်က တစ်ခွန်းတော့ ပြောရင်း နှုတ်ဆိတ်နေလိုက်တယ် …………

There is no impossibility.  မဖြစ်နိုင်တွေတာ မရှိပါဘူးလို့

၂၀၁၁ ခုနှစ်၊ ဧပြီလ ၇  ရက် ည ၀၉း ၃၀ နာရီလောက်မှာ  
ကျွန်တော့် အထက်က ပညာသင်အစ်မတစ်ဦး ဖုန်းဆက်လာတယ်။
ဂျပန်မှာ ငလျှင် အကြီးအကျယ် လှုပ်နေတဲ့ သတင်းလာတယ်တဲ့။
ကျွန်တော် တစ်ယောက်ထဲ အိမ်မှာ ရှိနေတော့
သတင်းကို တစ်ညလုံးထိုင်ကြည့်တယ်။

ဆူနာမီအရိုက်ခတ်ဆုံးနေရာက
ဖူကူရှီမား ဒိုင်အိချိ လျှပ်စစ်ပေးတဲ့ နျုကလီးယားဓါတ်ပေါင်းဖိုစက်ရုံမှာ
ပြဿနာ တက်နေပြီ …………
အခုချိန်ထိ မပြီးသေးပါဘူး ……………
တစ်ချို့ဒေသတွေဆို အိမ်တွေဆီကို သူတို့တွေ မပြန်နိုင်ကြဘူး …………

တစ်လလောက်ကြာတော့မှ
တစ်ခြားကျောင်းက ဆရာဆီက မေးတစ်ခုရတယ် ………
အဆက်အသွယ်မရလို့ ဆရာဆီကနေ လိပ်စာရလို့ ပို့လိုက်တာတဲ့ ………
မင်းမေးတာကို အခု သိလာပြီတဲ့ …………

မြန်မာကျောင်းသားတစ်ယောက်ကို သူတို့အားလုံး သတိတယ ရှိနေဆဲ …………
    
ကျွန်တော် ခပ်ညံ့ညံ့ဥပဒေကျောင်းသားတစ်ယောက်က
ပေကပ်သတ် မေးခွန်းတစ်ခုကို
သူတို့ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး ………

ကျွန်တော့်ကို ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပညာသင်ပေးခဲ့သော
မိဘနှစ်ပါးနှင့် ဆရာအားလုံးကို ဦးထိပ်ပန်ဆင်လျှက်

၂၀.၇.၂၀၁၄ ၁၀း၃၀
လားရှိုးမြို့

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ