Tuesday, July 29, 2014

ဘာမှန်းမသိတဲ့ အဖြေများ .......

ဘာမှန်းမသိတဲ့ အဖြေများ ....
အလုပ်ထဲ ဝင်စက
ဆရာများက
ပြောပြ ဆုံးမတာ ခံရဘူးတယ် .......

မင်းရေးတဲ့ စီရင်ချက်ကို
မင်းနားလည်ရဲ့လား
အဖြေကို မြင်သာရဲ့လား
ပြောကြတာကို နာယူဘူးပါတယ် ။

ကာလ ဒေသ
ဘဝမှတ်တိုင်များကို
ဖြတ်သန်းလာခဲ့တာ
အခုဆို
ဆယ်စုနှစ် နှစ်ခုနီးပါးကို
ခေါင်းပေါ်မှာ ကြာဇံများနဲ့
ဖြတ်ခဲ့ပါပြီ .....

အခုခေတ်ကို
နားမလည်တာလား .......
လူငယ်ခြေတတ်တွေက
ပညာတတ်ကြတာ များတာလား ......
စာအုပ်တွေကို စွန့်ပြစ် အမွေဖြတ်လိုက်ကြတာလား ......
ငါတို့တုန်းကလို မသင်ပေးကြ သင်ပေးသူ မရှိကြတာလား ........
ဘာကြီးမှန်း မသိ.... အတွေးတွေနဲ့ တွေဝေနေဆဲလား ........

ဖတ်ကြည့်ဘူး
မြင်ခဲ့ဘူးတဲ့
စီရင်ဆုံးဖြတ်ချက်တွေမှာ
အများမြင်သာ နားလည်တဲ့ သုံးသတ်ချက်ဗလာနဲ့
ဖြေဆိုနေကြတာကို တွေ့ခဲ့ရတော့ ........
ကျွန်တော် နှုတ်ဆိတ်နေဆဲပါ ........


၂၉.၇.၂၀၁၄
အဝေးရောက် သားငယ် ....

Monday, July 28, 2014

နေရာတိုင်းမှာ ....

ကျွန်တော် တစ်နေ့က
ကြားခဲ့ရတဲ့ အကြောင်းလေးတစ်ခုပါ ....

လူတွေက
ကိုယ်နေရာထက် နည်းနည်းမြင့်ရင်
နည်းနည်း မနာလိုသလို မကောင်းပြောသလိုနဲ့ .........
များများသာမြင့်ရင်တော့
သူ့လောက် မတတ် မတော်နဲ့ပေါ့ဗျာ .........

အချိန်ဆိုတာ
အကောင်းဆုံး သတ်မှတ်ပေးတဲ့ ပေတံ တစ်ချောင်းပါ .....
တိုင်းတာခြင်းရဲ့ သတ်မှတ်စေလိုသူရဲ့ အခြေအနေအတိုင်းပါ ....

ကျွန်တော်လေ
ငယ်ငယ်ထဲက ခံယူထားခဲ့တာက
နေရာတစ်ခုရဲ့ သတ်မှတ်ချက်နဲ့ အနည်းဆုံးအရည်အချင်း ရှိနေရမယ် .....
ဘယ်သူတွေ ဘယ်လောက်တော် ... ဘယ်လောက်တတ် ......
ကိုယ့်အရည်အချင်းဟာ ဘယ်အချိန် တစ်ရေးနိုးတောင်မှ ကိုက်ရမယ် ......
တစ်ပြေးညီဖြစ်ရမယ် ......

သူများတော်တာ တတ်တာကိုလည်း အသိအမှတ်ပြုရမယ် .....
သူတို့က ဘယ်လိုသဘောထား ဘယ်လိုရှိရှိပါ ......
သူများတွေ စံကျော်တာကို လေ့လာရမယ် .......
မနာလိုတာ မရှိဘဲ ရိုးရှင်းတဲ့ အသိနဲ့ပေါ့ ......

နားလည်တတ်အောင် ကြိုးစားခြင်းနဲ့
နာလိုမှု ကင်းတဲ့ ပေတံတွေနဲ့
လောကကို ရိုးသားစွာ ရှင်းလင်းဖြတ်သွားနိုင်ရင်
လောကကြီးက
နေရာတိုင်းမှာ ...
အပြုံးတွေနဲ့ ဝေဆာနေမှာပါ  ........


လားရှိုးမြို့ တစ်နေရာ
၂၈.၇.၂၀၁၄ .......

Tuesday, July 22, 2014

မြင်နေရသော အတွေးများ ........


တစ်နေ့က ...
အတွေးတစ်ခုရလာတယ် .......

လူတွေ စကားသံတွေက ပဲ့တင်လာတာပေါ့ဗျာ ......

ဒီနေရာမှာ
နေချင်ရင်လည်း နေချင်မှနေရမယ် .......
ရွေ့လျားတဲ့ အလျင်နဲ့ စီးမျောသွားလိမ့်မယ်  .......

ဒီနေရာက
သွားချင်လည်း သွားချင်မှ သွားရမယ် ......
တားဆီးထားတဲ့ အကာတွေနဲ့ ရပ်နေလိမ့်မယ် ......

ကိုယ်လုပ်ခဲ့တာတွေ
ကိုယ် ချန်ထားတာတွေ
ကိုယ် ထားခဲ့တာတွေ
ကောင်းတာ မကောင်းတာ
ဆိုးတာ မိုက်တာ
သမိုင်းက ဆုံးဖြတ်ပါလိမ့်မယ် .........

လူဆိုတာ
လူသားဆန်တဲ့
အတွေး အသိ အလိမ္မာ
ရှိနေကြတဲ့ လူသားပါဘဲ ..........

နေချင်လို့ သွားခဲ့ရတာတွေ ............
သွားချင်ရက်နဲ့ နေခဲ့ရတာတွေ ............
မနေမနား သွားနေရတာတွေ ................
မနေမနား ရပ်နေခဲ့တာတွေ ..................
ဒါတွေအတွက်

ကိုယ်က ဆုံးဖြတ်ခဲ့တဲ့
အတွေးသိ အလိမ္မာ နဲ့
ပျော်ပျော်သာ
ဘဝကြီးကို ပြုံးပြလိုက်ပါ .................

အားလုံးဟာ
သမိုင်းမှာ ကျန်တွယ်ရစ်နေမှာပါ ..................

၂၂.၇.၂၀၁၄ ရက်နေ့ အင်္ဂါနေ့
လားရှိုးမြို့ 


Sunday, July 20, 2014

ဆယ်စုနှစ် ဆွေးမြေ့နေတဲ့ ပေကပ်သတ်တဲ့အမေးရဲ့အတွေး



လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုက
ကျွန်တော်ဟာ အဝေးတစ်နေရာမှာ
ပညာသင် သွားခဲ့ဘူးတယ်ဗျာ ……

တစ်နေ့မှာ
Networking theory seminar တစ်ခုမှာ
လျှပ်စစ်ပေးတဲ့ နျုကလီးယားဓါတ်ပေါင်းဖိုလုပ်ငန်းရဲ့
အဓိက ဘေးအန္တရယ်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစီမံချက်ကို
ဘယ်လိုဆောင်ရွက်တာကို သင်ပေးခဲ့တယ်………
ကျွန်တော်ကတော့ အမှန်မှာ ကွန်ပြူတာပညာရှင် တစ်ယောက်မဟုတ်ဘဲ
Networking ကနေ ဥပဒေရေးရာ သီအိုရီကို လေ့လာသူ တစ်ဦးသက်သက်ပါ …………

အဲဒီလိုနဲ့ ၂-၃ နာရီလောက်အကြာမှာ
ကျွန်တော့်ဘေးက တရုတ်ကျောင်းသားနဲ့
ဘင်္ဂလားဒတ်ခ်ျကျောင်းဆရာသုတေသီတစ်ဦးက ဝိုင်းမေးကြတုန်းမှာ ကွန်ပြူတာကျောင်းသားမဟုတ်တဲ့ ကျွန်တော့်ကို တွေး ငေးကြည့်နေချိန်မှာ
နောက်ကျောင်းက ဆရာတစ်ယောက်က
                    ဟိုဥပဒေတပည့် မေးခွန်းတစ်ခု မေးပါတဲ့ ××××××

သူတို့နိုင်ငံဆိုတာ တအား တိကျ၊ စည်းကမ်းကို ဦးခေါင်းလို သဘောထား၊
သိက္ခာကို အသက်တမျှ တန်ဖိုးထား၊ တာဝန်ကို ရင်ဝယ်ပိုက် ၊
လူသားနဲ့ ပတ်ဝန်းကျင်သဘာဝကို မြတ်နိုးတဲ့ သူတွေနဲ့ပါ …………

သူတို့ ဆွေးနွေးနေတာက …………
တကယ်လို့……
တကယ်လို့များ ……
ငလျှင်လှုပ်၊ မီးတောင်ပေါက်၊ ရေကြီး မြေပြို
ရန်သူက အဝေးကနေ Missile နဲ့ပစ်
တကယ်လို့ ကမ္ဘာပျက်လို့ လူသားတွေ မရှိတော့ရင်တောင် …………
ဘယ်လိုဘဲဖြစ်ဖြစ် ………
ကာကွယ်ထားတဲ့ Plan A, B, C, D, E ……… ဆိုတဲ့ အဆင့်လိုက်
ကွန်ပြူတာစံနစ်အမျိုးမျိုးနဲ့ စက်ရုံတစ်ခုလုံး
အလိုလို ပိတ်အောင် ထိန်းချုပ်ထားတာတဲ့ ………
သိပ်သေချာတဲ့ နည်းစနစ်များရှိတယ်တဲ့ဗျာ ………

ကျွန်တော်က မေးလိုက်တဲ့ မေးခွန်းတစ်ခုကို
အားလုံးက အရှုးတစ်ယောက်လို မျက်လုံးပြူး ကြည့်တာကို
ဒီနေ့အထိ မြင်ယောင်နေဆဲပါ …………

×× လူတွေ တည်ထွင်ထားတဲ့ ကွန်ပြူတာထိန်းချုပ်ရေးစံနစ်တစ်ခုရဲ့
      လူသားတွေ စွမ်းဆောင်ရည်ကို ကျော်လွန်တဲ့
     အန္တရယ်တစ်ခုခု တကယ်လို့များ ဖြစ်လာလို့ …………
     စက်ရုံပိတ်တဲ့ နည်းစနစ်အားလုံး ရပ်သွားရင်ရော …………

ပညာရှင်အားလုံး ၃ မိနစ်လောက်တော့ ငြိမ်သွားပါတယ် ………
ခေါင်းတွေဆိုင် တီးတိုးရေရွတ်သံများ သဲ့သဲ့နဲ့
နောက်ဆုံးအသံ  တစ်ခုကြားပါတယ် ……………

မင်းက ကွန်ပြူတာပညာရှင် မဟုတ်
ဥပဒေသမားမို့လား မသိ ……………
ငါတို့ဟာ သိပ္ပံသမားတွေမို့
မင်းမေးသလို သဘာဝလွန်ဖြစ်ရပ်ကို မစဉ်းစားတတ်ဘူး ………

ကျွန်တော်က ဥပဒေသမားမို့ တွေးမိတာကို မေးတာလို့တော့ အတွန့်တက်မိတယ် …………
မေးခွန်း မေးပါလို့ ပြောတဲ့ဆရာနဲ့ ကျွန်တော့်ဆရာက ဆက်ပြောတယ် …………
မင်းပြောသလို ဖြစ်လာရင် မင်းဟာ ငါတို့လိုဆရာကို ပညာပေးတဲ့ သူဖြစ်မှာတဲ့ ………

ကျွန်တော်က တစ်ခွန်းတော့ ပြောရင်း နှုတ်ဆိတ်နေလိုက်တယ် …………

There is no impossibility.  မဖြစ်နိုင်တွေတာ မရှိပါဘူးလို့

၂၀၁၁ ခုနှစ်၊ ဧပြီလ ၇  ရက် ည ၀၉း ၃၀ နာရီလောက်မှာ  
ကျွန်တော့် အထက်က ပညာသင်အစ်မတစ်ဦး ဖုန်းဆက်လာတယ်။
ဂျပန်မှာ ငလျှင် အကြီးအကျယ် လှုပ်နေတဲ့ သတင်းလာတယ်တဲ့။
ကျွန်တော် တစ်ယောက်ထဲ အိမ်မှာ ရှိနေတော့
သတင်းကို တစ်ညလုံးထိုင်ကြည့်တယ်။

ဆူနာမီအရိုက်ခတ်ဆုံးနေရာက
ဖူကူရှီမား ဒိုင်အိချိ လျှပ်စစ်ပေးတဲ့ နျုကလီးယားဓါတ်ပေါင်းဖိုစက်ရုံမှာ
ပြဿနာ တက်နေပြီ …………
အခုချိန်ထိ မပြီးသေးပါဘူး ……………
တစ်ချို့ဒေသတွေဆို အိမ်တွေဆီကို သူတို့တွေ မပြန်နိုင်ကြဘူး …………

တစ်လလောက်ကြာတော့မှ
တစ်ခြားကျောင်းက ဆရာဆီက မေးတစ်ခုရတယ် ………
အဆက်အသွယ်မရလို့ ဆရာဆီကနေ လိပ်စာရလို့ ပို့လိုက်တာတဲ့ ………
မင်းမေးတာကို အခု သိလာပြီတဲ့ …………

မြန်မာကျောင်းသားတစ်ယောက်ကို သူတို့အားလုံး သတိတယ ရှိနေဆဲ …………
    
ကျွန်တော် ခပ်ညံ့ညံ့ဥပဒေကျောင်းသားတစ်ယောက်က
ပေကပ်သတ် မေးခွန်းတစ်ခုကို
သူတို့ဘဝမှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး ………

ကျွန်တော့်ကို ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပညာသင်ပေးခဲ့သော
မိဘနှစ်ပါးနှင့် ဆရာအားလုံးကို ဦးထိပ်ပန်ဆင်လျှက်

၂၀.၇.၂၀၁၄ ၁၀း၃၀
လားရှိုးမြို့

Wednesday, July 16, 2014

တာဝန် ဆိုတဲ့ စကားလုံး နှစ်လုံး ...........

တာဝန်
စာလုံးပေါင်းလိုက်တော့
နှစ်လုံးထဲပါဘဲ ......
ရိုးရှင်းစွာ အနက်များစွာကို ဆောင်ယူလာကြပါတယ် .......

တာဝန်ကို သိသောသူ ........
တာဝန်ကို ထမ်းသောသူ ........
တာဝန်ကို သတိရှိသူ .......
တာဝန်ကို ဂရုပြုသူ .......
တာဝန်ကို မမေ့မလျော့သူ ......
တာဝန်ကို ပျော်ပိုက်သူ ......
တာဝန်ကို အမြဲပိုက်လွယ်ထားသူ ......

အများကြီးကို တွေ့ဘူးပါတယ် .......

တာဝန် မေ့လျော့သူ ××××××
တာဝန် ပေါ့ဆသူ     ××××××
တာဝန် ရှောင်လွှဲသူ  ××××××
တာဝန် မုန်းတီးသူ ×××××××××
တာဝန် မျက်နှာလွှဲသူ ×××××××××
တာဝန် ကင်းအောင်နေသူ ×××××××
တာဝန် လွှဲပေးသူ ×××××××××

အများကြီးပေါ့ဗျာ ..........

ဘယ်နေရာ ဘယ်ရာထူး ဘာတွေဘဲ
ကြုံရ ဆုံရ .....
အလုပ် လုပ်တဲ့အခါ .......
တရားစီရင်တဲ့အခါ ........
အုပ်ချုပ်မှု ဆောင်ရွက်တဲ့အခါ ......
အဲဒီ့ တာဝန်ဆိုတာကို 

စကားလုံး နှစ်လုံးရဲ့
အနက်ဆောင်နိုင်ဖို့ပါဘဲ ×××××××××××××

၁၆.၇.၂၀၁၄
လားရှိုးမြို့

Tuesday, July 15, 2014

ဖူးမျှော်ခဲ့ရသော ရှမ်းပြည်ပုဂံဘုရားများ ..........

လင်းခေးမြို့လည် မဟာမုနိဘုရား
ရှမ်းပုဂံ - မိုးနဲမြို့ရဲ့ ရှမ်းဘုရားများနဲ့ ညောင်ပင်ကြီး
မိုးနဲမြို့က နှီးဘုရားကြီး

အမှတ်တယ လင်းခေး .....

မောက်မယ်က ဆည်ရှိတဲ့ ချောင်းလေး

မိုးနျြဲမို့အဝင်က ကားလမ်းမပေါ်က ညောင်တံခါး

လင်းခေးမြို့အရှေ့ဖက်က တောင်ပြာတန်းနဲ့ ကောင်းကင်ပြာ

ကာလံ ဒေသံ ရဲ့ အမှန် နဲ့ အမှား



နေရာတစ်နေရာမှာ
အချိန်တစ်ခုကို
ဖြတ်သန်းတဲ့အခါ
ဖြတ်သန်းနေတဲ့ ဖြတ်သန်းနေဆဲမှာ
အမှန်တွေနဲ့ ဖြတ်သန်းနေပေမဲ့ …………

နေဝင် မိုးချုပ် အချိန် နေရာများစွာကို
ဘဝရဲ့ စာမျက်နှာများစွာကို
ဖြတ်သန်းခဲ့တဲ့အခါ
မှန်တယ်ထင်တာတွေက အမှား ဖြစ်သွားသလို
မှားတယ်ထင်တာတွေက အမှန် ဖြစ်သွားတတ်ပါတယ် …………

ဒါပေမဲ့
ဖြတ်သန်းမဲ့ ဖြတ်သန်းတဲ့ ဖြတ်သန်းဆဲ
အရာအားလုံးကို
ကံ၊ ဉာဏ်၊ ဝီရိယ၊ ဥတု နဲ့ အာဟာရ ဆိုတာတွေနဲ့
အကောင်းဆုံး အမှန်ဆုံးလမ်းကို လျှောက်ခဲ့ကြတာပဲ

ကာလံ ဒေသံ မတူညီတဲ့အခါ
မှန်တာ မှားတာ တွေကို
ဆုံးဖြတ်နိုင်တဲ့ ပိုင်ဆိုင်ခွင့်ကို
ရွေးချယ်လို့ ရနိုင်ပါ့မလား ………

ကိုယ်တိုင်ရေး 
၁၅.၇.၂၀၁၄  လားရှိုးမြို့

Monday, July 14, 2014

အတွေးဟောင်း အတွေးသစ် ......

အတွေးဟောင်းနဲ့ အတွေးသစ်
တစ်ချိန်က ....
ကျွန်တော် တရားရေး အဆင့် ၄ ဘ၀က
ခရိုင်နဲ့ ဒုခရိုင်ဆရာများက ပြောဘူးတယ်.....
ငါ့တပည့် အလုပ်ကို အကြွေးမထားနဲ့ .....
နေ့ချင်းပြီးလုပ်ပါတဲ့ ......
သူငယ်ချင်း လူတော်တစ်ယောက်က
သူ့ရုံးစားပွဲမှန်အောက်မှာ ရေးထားတဲ့စာလေးက .....
Do It Now......

  ကိုယ်ကတော့ ကျောင်းသားဘ၀က
အင်္ဂလိပ်စာသင်တဲ့ဆရာက
ငယ်ငယ်က ပြောဘူးတယ် .....
Be Ready တဲ့

အချိန်တွေ ရာစု နှစ်ခုနီးပါး
တရားရေးထဲမှာ ကျင်လည်ခဲ့တော့
အလုပ်အကြွေးနဲ့ လူတွေအများကြီး
တွေ့လာမြင်လာရတယ် .......

ဆရာတွေက
ဆန်ဖြူသွားကျိုးနဲ့
ပင်စင်ရုံးမှာ တိုးနေကြပေမဲ့
သူတို့ရဲ့ သီအိုရီဟောင်းတွေက ပေးလာတဲ့
အတွေးဟောင်းတွေက မှန်နေတုန်းပါဘဲ

တတ်သယောင် သိသယောင်
လုပ်သယောင်  နေသယောင်နဲ့
လူတွေရဲ့ကြားမှာ
ငါဟာ သင်ယူနေတုန်းပါလားဆိုတဲ့ အသိက ပေးလာတဲ့
အတွေးသစ်ကလည်း မှန်နေအုံးမှာဘဲ

၁၄.၇.၂၀၁၄ ရက်နေ့
လားရှိုးမြို့

Friday, July 4, 2014

ပေတံ

ပေတံ
သိပ္ပံပညာမှာ
သတ်မှတ်ချက်များအတွက်
အတိုင်းအတာ
အလျားအနံ
အမြင့် အကျယ်အ၀န်းတွေကို
စကေးကိုက် ပေတံများနဲ့
တိုင်းတာကြတယ်။

လူမှုပညာမှာ
လူတွေရဲ့အဆိုးအကောင်း
အရည်အချင်း လုပ်ရည်ကိုင်ရည်
စာမေးပွဲများ ရာထူးနေရာများကို
ကိုယ်သတ်မှတ်ချင်တဲ့ စကေးမရှိ
ပေတံများနဲ့ တိုင်းတာကြတယ်။

ကောင်းတယ်.....
ညံ့တယ်......
တော်တယ်.....
ရှော်တယ်.....
အတိအကျမဲ့
စကေးမရှိ
သတ်မှတ်မှုကင်းတဲ့
ပေတံတွေ အမျိုးမျိုးကို
ဘ၀မှာ တွေ့နေရမှာဘဲ.......

ဒီပေတံအတွက်
ဒီလို လုပ်လိုက်....
ဟိုပေတံအတွက်
ဟိုလို လုပ်လိုက်.....

 လိမ့်လိုက် လူးလိုက်
တက်လိုက် ဆင်းလိုက်
ပြေးလိုက် လွှားလိုက်
နောက်ဆုံးတော့
သေဆုံးခြင်းကို ဖက်တွယ်မိမှဘဲ
အားလုံးသော ပေတံများကို အနိုင်နဲ့ ချိုးလိုက်တာပါဘဲ.......


လားရှိုးမြို့
၎.၇.၂၀၁၄ သောကြီာနေ့

Thursday, July 3, 2014

IQ and I

IQ ဆိုတာနဲ့ ကျွန်တော်

ဆရာတစ်ယောက်
ကယားဌာနေမှာ ကြွေလွင့်ရှာခဲ့တာ ကြာနေပြီ
တစ်နေ့က
ဆရာ ရေးထားတဲ့ စာနည်းနည်းကို ဖတ်မိလိုက်တယ်

ဆရာ
ရန်ကုန်...လွိုင်ကော်......
 ဟင်္သာတ..... ကျိုင်းတုံ......
ကရင်....... စစ်ကိုင်း.......
မန်းတလေး.........
ပြီးတော့
ကယားပြည်နယ်............

နေရာတွေ အများကြီး ပြောင်းခဲ့ဘူးတယ်...
ကျွန်တော့်ကို တူသားလို ကျောင်းသားဘ၀ထဲက ဆက်ဆံဘုတယ်....
စာတမ်းအတွက်လိုအပ်နေတုန်း
ဗိုလ်တထောင်ရုံးက ကူညီပေးခဲ့... စာအုပ်တွေ ဝယ်ပေးဖူးတယ်....

ဆရာက
ကျွန်တော့်ကို ပြောလေ့ရှိတာက လူတွေနဲ့ IQ တဲ့
ကွာခြားမှန်းတော့ သိပေမဲ့ ......
အခုအချိန်မှာ
ဆရာ ဆိုလိုတဲ့ IQ ကို ပိုပိုသိလာပါတယ်.....

ဆရာ
အချိန်တွေလည်း ကြာလာတဲ့အမျှ
လူတွေကြားမှာ ကွာခြားတဲ့  IQ ကို
ပိုလို့ သိလာတယ်.....

ဆရာ
လူတွေအပေါ် ကောင်းခဲ့တဲ့အတွက်
ကောင်းရာ မွန်ရာ ဘုံဘ၀မှာ
သုဂတိလားပါစေလို့
ဘုရားရှိခိုးတိုင်း
တပည့် ဆုတောင်းလျှက်ပါ


လားရှိုးမြို့
၃.၇.၂၀၁၄ ကြာသပတေးနေ့

Wednesday, July 2, 2014

ယနေ့ ကျွန်တော့်အတွေးသစ်....

ကြုံရ ဆုံရ ကျွန်တော့်ဘဝ

တရားရေးကို ၀င်ခါစက
ဆိုးသွမ်း ရမ်းကားတယ်ဆိုတဲ့ ဆရာတစ်ယောက်က
တရားရုံးများလက်စွဲကို ဘာသာစကားနှစ်မျိုးနဲ့ မွှေနှောက်သင်ကြားပေးခဲ့တယ်....
သူ အရက်မူးနေချိန်မှာပါ..........

နောက်တစ်ခါ
ဝန်ထမ်းကနေ အရာရှိဖြစ်လာတဲ့ဆရာတစ်ယောက်က
မူသေစာအုပ်နဲ့ အမှုတွဲ စီစဉ်တာကို သင်ကြားပေးခဲ့တယ်......
သူ တရားထိုင်ပြီးချိန်မှာပါ...........

နောက်တစ်ဆင့်တက်တော့
ဝန်ထမ်းအကြီးအကဲတစ်ဦးက
နေပုံ ထိုင်နည်းနဲ့ မင်္ဂလာဆုတောင်းကို သင်ပေးခဲ့တယ်.....
သူ နေ့လည်စာ သုံးဆောင်ပြီးချိန်မှာပါ.......

 ရန်ကုန်ရုံးချုပ်တုန်းက
ညွှန်မှူး တစ်ယောက်က
ရခိုင်သံဝဲ၀ဲနဲ့ ပြစ်မှုတစ်မှုရဲ့ ကျောရိုးနဲ့ အနှစ်ချုပ်တဲ့နည်းလမ်းကို သင်ပေးခဲ့တယ်...
နေ့လည်ပိုင်း လက်ဖက်ရည်သောက်ရင်းနဲ့........

တစ်နေရာရောက်တော့
ခရိုင်ဆရာတစ်ဦးက
မွှေနှောက်ရှာထားတဲ့ မှတ်စုအပြဲထဲကနေ
ရှားရှားပါးပါး စီရင်ထုံးနဲ့ အတွေးအခေါ်တစ်ချို့ကို သင်ပေးခဲ့ဘူးတယ်........
သူ အပျင်းပြေစကား ပြောပြီးချိန်မှာပါ......

တကယ် လေးစားလောက်တဲ့ ပညာတွေ အမျိုးမျိုးကို ရခဲ့ပါတယ်......

ဒါပေမဲ့
အခုချိန်မှာ
ပင်စင်စား ဆရာအိုများက
ရှမ်းတောင်ကို အပြောင်းမှာ
မင်း အငယ်တွေကို သင်ပါတဲ့။
ဒါပေမဲ့
နာယူတတ်မှ ရမှာပါ။
သူတို့ ကိုယ်တိုင်ပေါ့......

ဝေခွဲမရတဲ့အခါ........

တစ်နေ့တစ်ခါတော့
ဘုရား ရှိခိုးမိမှာပါ......

တစ်နေ့ နှစ်ခါထက်တော့
ရေချိုးကြမှာပါ.......

တစ်နေ့ကို သုံးခါလောက်တော့
ထမင်းစားကြမှာပါ.......

ဒါပေမဲ့
တစ်နေ့တစ်နေ့
ကိုယ့်ကိုယ်ကို ဘာတွေလုပ်၊ ဘာတွေရှုပ်၊
ဘာတွေမှန်ပြီး ဘယ်ဟာက မှားနေလဲ
တွေးမိကြရဲ့လား.....

လူတော်လူကောင်း
လူကောင်းလူတော်
ဘယ်ဟာက ပိုကောင်းသလဲ
ပိုမှန်သလဲ......
ဝေခွဲမရပါလား.......

အရှင်ဇနကဘိဝံသက ဟောခဲ့ဘူးတယ်....
ကလေးတုန်းက တောင်သမန်က ဘုန်းကြီးကျောင်းမှာ မြင်ခဲ့ ဖတ်ခဲ့ရတယ်.....

စိတ်ကောင်းရှိဖို့က ပထမ တဲ့

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ