Thursday, August 3, 2017

မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကျင်းပ

နေပြည်တော် သြဂုတ် ၂

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
 အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း ရည်မှန်းချက် " ၄.၂.၂- ကျင့်ဝတ်စည်းကမ်းများကို ပြည်လည်သုံးသပ်ခြင်း၊ တရားစီရင်ရေးဆိုင်ရာပညာရပ်နှင့် ကျင့်ဝတ်ဆိုင်ရာနည်းဗျူဟာများ မြှင့်တင်ပေးခြင်း " အစီအစဉ်အရ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်များ အသစ်ရေးဆွဲရန်နှင့် အသစ်ရေးဆွဲထားသည့် ကျင့်ဝတ်များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (ICJ)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့၏ နည်းပညာဆိုင်ရာ အကူအညီ၊ ဒိန်းမတ်သံရုံး၏ အထောက်အပံ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ တရားသူကြီးများ အတွက် အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ညီညွတ်သော တရားစီရင်ရေးကျင့်ဝတ်စာအုပ် ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုထုတ်ပြန်သည့် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်သည် တရားသူကြီးများအတွက် ကျင့်ဝတ်ဆိုင်ရာအပြုအမူများအတွက် စံချိန်စံနှုန်းများသတ်မှတ်ရန်နှင့် တရားစီရင် ရေးတာဝန် ထမ်းဆောင်သည့်အခါ လမ်းညွှန်မှုရရှိစေရန်ုဖြစ်ပါကြောင်း၊ ထို့ပြင် တရားစီရင်ရေးကျင့်ဝတ်တွင် ပါဝင်သော အခြေခံမူများသည် နိုင်ငံတော်၏ အုပ်ချုပ်မှုအာဏာပိုင်နှင့် ဥပဒေပြုအာဏာပိုင်များ၊ ရှေ့နေများ နှင့် ပြည်သူလူထုအား တရားစီရင်ရေးကဏ္ဍ၏ လုပ်ဆောင်ချက်များကို တိုင်းတာဆန်းစစ်နိုင်ရန် စံတစ်ခု အနေဖြင့် ရည်ရွယ်ရေးဆွဲခြင်းလည်းဖြစ်ပါကြောင်း၊ တရားစီရင်ရေးကျင့်ဝတ်ကို ထုတ်ပြန်လိုက်ခြင်းအတွက် တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများသာမက တရားစီရင်ရေးကဏ္ဍတွင် ဆက်စပ်ပါဝင်သူများ အားလုံးက တရားစီရင်ရေးစနစ်အပေါ် ပိုမိုသဘောပေါက်နားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများကို အထောက်အကူပြုခြင်းဖြင့် မျှတ၍ခိုင်မာသော တရားစီရင်ရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို မျှော်လင့်ပါကြောင်းနှင့် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်ကို တရားသူကြီးများ လိုက်နာဆောင်ရွက်ရန်နှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်းအတွက် အရေးယူဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ တက္ကသိုလ်များမှ ဥပဒေပါမောက္ခများ၊ ရှေ့နေများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် ရှင်းလင်း ဆွေးနွေးပွဲနှင့် တရားစီရင်ရေးကျင့်ဝတ် အကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတို့ကို ဆက်လက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
 

No comments:

Post a Comment

၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ  ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ