တရားဥပဒေ ဆိုသည်မှာ
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)
(ဆ)-မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်းတရားစွဲ ဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံအဝန်းတွင် မြေများသိမ်းပိုက်ကြရာတွင် သိမ်းပိုက်ပုံအမျိုးမျိုးရှိနိုင်ပါကြောင်း၊ သို့သော် မိမိတို့ဒေသတွင် မြေများသိမ်းပိုက်ရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ပါက အဆိုပါမြေဥပဒေ၏အခြေခံအားဖြင့် မြေသိမ်းခံရသူများ မနစ်နာစေရန် ကောလိတ္တော်အရာရှိမှ အခြားမြေများအစားပေးရခြင်း၊ လျော်ကြေးများပေးရခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ ယခု ထိုကဲ့သို့ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် မြေသိမ်းပိုက်ခံရမှုများ ပေါ်ပေါက်ရခြင်းဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေအရ သိမ်းပိုက်ထားခြင်းမဟုတ်သောမြေများကို ယခုအခါတွင် သိမ်းပိုက်ထားသောအဖွဲ့အစည်း များက၊ ပုဂ္ဂိုလ်များက လွှဲပြောင်းရရှိပြီး မြေများလက်ခံရရှိသည့်ပုဂ္ဂိုလ်များက အဆိုပါမြေများတွင် ဆက်လက်နေထိုင် နေကြသည့် တောင်သူလယ်သမားများကို တရားစွဲဆိုမှုများ အများအပြားပေါ်ပေါက်ခဲ့သည့်အတွက် မြေသိမ်းအဖွဲ့ အဆင့်ဆင့်၊ မြေသိမ်းများပြန်လည်စိစစ်ရေးအဖွဲ့အဆင့်ဆင့်ကစိစစ်ကြရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင် အဆိုပါမြေများသိမ်းပိုက်ခဲ့ကြရာတွင် မြေအားလုံးကို စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိဘဲ မြေပို၊ မြေလွတ်များ အများအပြားကျန်ရှိနေပါကြောင်း၊ မြေသိမ်းခံရသော လယ်သမားများကလည်း အခြားနေစရာ လည်းမရှိ။ လုပ်စရာလည်းမရှိသည့်အတွက် ၎င်းမြေများတွင်သာ ဆက်လက်နေထိုင်လုပ်ကိုင်စားသောက် နေထိုင် ခဲ့ကြပါကြောင်း၊ ကနဦးကာလများတွင် သက်ဆိုင်ရာ မြေသိမ်းအဖွဲ့အစည်းများနှင့် မြေလက်ဝယ်ရှိသူများက သီးစားချထားပြီး အဆိုပါမြေများကို လယ်သမားများအား လုပ်ကိုင်စေပါကြောင်း၊ လယ်သမားများက မိမိတို့ ပိုင်ဆိုင်သောလယ်များကို မိမိတို့ကိုယ်တိုင် သီးစားချပေးပြီး ဆောင်ရွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သိမ်းပိုက် မြေများကို သီးစားချထားခြင်းမပြုရဟူသောအမိန့် ထွက်ရှိလာသည့်အတွက် သီးစားချထားခြင်းများ မရှိတော့ ပါကြောင်း၊ သို့သော်လည်း တောင်သူလယ်သမားများက လယ်ယာမြေအစွန်အဖျားများ၊ လမ်းဘေးများ စသည်တို့တွင်နေထိုင်ပြီး ၎င်းလယ်များတွင်သာ ပဲခင်းများစိုက်ပျိုးပြီး စပါးနှင့်မြက်များကို ရောနှောရိတ်ကာ ရသမျှစပါးများကို စားသုံးကြရပါကြောင်း၊
ထို့ကြောင့် လယ်သမားများ၏ကိစ္စရပ်များကို မြေသိမ်းပိုက်ခံရမှုကိုပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေး နေသည့်အချိန်တွင် မြေပိုင်ဆိုင်သူများ၊ မြေလက်ဝယ်ရှိသူများက တရားရုံးအဆင့်ဆင့်တွင် တရားစွဲဆိုကြသည့် အတွက် လယ်သမားများ ထောင်ဒဏ်ကျခံခြင်း၊ ဒဏ်ငွေအသီးသီးပေးခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်များတွင် MEC က မြေဧက ၂၂၅၈.၈၈ ကို သိမ်းပိုက်ခဲ့ပြီး မြေဧက ၈၀၀.၉၆ ဧကကို မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါကြောင်း၊ ၎င်းဦးစီးဌာနမှ ပုဂ္ဂလိကအဆင့်ဆင့်သို့ လွှဲပြောင်းပြီး ဆောင်ရွက်ခဲ့ကြရာတွင် လယ်သမားများနှင့် ဆက်လက်ပြီး ပဋိပက္ခများဖြစ်ခဲ့သည့်အတွက် မြေများနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့်အခြေအနေကို တည်ဆဲဥပဒေနှင့်အညီ သိမ်းဆည်းထားသော မြေများမဟုတ်ဘဲ သိမ်းဆည်းခံလယ်သမားများကို တည်ဆဲဥပဒေများနှင့် တရားစွဲဆိုနေခြင်းများသည် လျော်ကန်မှုရှိ/မရှိ။ မြေယာများအပေါ်တွင် အမှုကိစ္စတစ်ခုတည်းအပေါ်တွင် မြေသိမ်း သိမ်းပိုက်ထားသော ပုဂ္ဂိုလ်များဘက်က တရားရုံးများကလည်းကောင်း၊ သိမ်းပိုက်မြေများ ပြန်လည်စိစစ်ရေးအဖွဲ့မှလည်းကောင်း တစ်ပြိုင်တည်း စစ်ဆေးနေခြင်းကိုလည်း လျော်ကန်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
ယခုမေးခွန်းနှင့်ပတ်သက်၍ ယခင်အာဏာပိုင်အဖွဲ့အစည်းများ၏ မြေသိမ်းဆည်းမှုများအား အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးအာဏာများအရ ဆောင်ရွက်သည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ သိမ်းဆည်းထားသည့်မြေလွတ်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်းအတွက် သိမ်းဆည်းခံလယ်သမားများကို တရားစွဲဆိုခြင်း လျော်ကန်မှုရှိ/မရှိ ကိစ္စတစ်ရပ်အတွက် ထင်မြင်ယူဆချက် တောင်းခံခြင်းဖြစ်သည့်အတွက် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ နည်းဥပဒေခွဲ (ဂ) အရ တရားလွှတ်တော်ချုပ်မှ ထင်မြင်ချက်ပေးနိုင်မည် မဟုတ်ပါကြောင်း၊
မြေယာတစ်ရပ်အပေါ် ပေါ်ပေါက်နေသည့် အမှုကိစ္စတစ်ခုကို အဖွဲ့အစည်းနှစ်ခုဖြစ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်နှင့် တရားရေးဌာနတို့က တစ်ပြိုင်တည်း စစ်ဆေးဆောင်ရွက်နေခြင်းတို့သည် လျော်ကန်သင့်မြတ်မှုရှိ/မရှိ မေးမြန်းချက်နှင့်ပတ်သက်၍လည်း ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၄၀ နည်းဥပဒေခွဲ (ဂ) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ထင်မြင်ချက်ပေးနိုင်မည် မဟုတ်ပါကြောင်း၊ တတိယမေးခွန်းနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်က စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ အပြီးသတ်အမိန့်မချမှတ်မီ တရားရုံးများတွင် တရားစွဲဆိုခြင်းမပြုလုပ်ရန် တရားစွဲဆိုထားသည့် အမှုကိစ္စများကိုလည်း ဆိုင်းငံ့ပေးထားနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး တရားရုံးများတွင် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသည့် ကိစ္စရပ်များမှအပ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပါကြောင်း၊ တရားရုံးများက စွဲဆိုလာသည့် အမှုများကို တရားစွဲတင်လာလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၀ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (က) (ခ) (ဂ) (ဃ) နှင့် ပုဒ်မ ၂၀၀ တို့အရ လက်ခံစစ်ဆေးရပါကြောင်း၊ အလားတူပင် တရားစွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးနိုင်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးများက ဆိုင်းငံ့မိန့်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗဟိုကော်မတီက အပြီးသတ်မဆုံးဖြတ်မီတို့မှ တရားရုံးများ၌ တရားစွဲဆိုခြင်းမပြုရန်နှင့် တရားစွဲဆိုထားသည့် အမှုများကိုဆိုင်းငံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၅-၅-၂၀၁၆ ရက်နေ့ အမိန့်ကြော်ငြာစာဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် သိမ်းဆည်းခံမြေယာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် သိမ်းဆည်းမြေများနှင့် စပ်လျဉ်းပြီး မူဝါဒ ၅ ရပ်၊ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ ၃ ရပ်၊ စွန့်လွှတ်မြေများ သက်ဆိုင်သူလက်ဝယ်သို့ အမြန်ရောက်ရှိစေရေးလုပ်ငန်းစဉ် ၈ ရပ်၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၆) ချက်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၇)ချက်၊ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၅) ချက်၊ ကော်မတီအဆင့်ဆင့်တွင် အလေးထားဆောင်ရွက်ရန် အချက် (၁၅) ချက် စုစုပေါင်းမူဝါဒ ၄၉ ချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် စဉ်းစားဆုံးဖြတ်ရန်ခက်ခဲသော ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး စွန့်လွှတ်မြေများ၊ သိမ်းဆည်းမြေများဆိုင်ရာ လမ်းညွှန်ချက် ၈ ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
တည်ဆဲဥပဒေနှင့်အညီ သိမ်းဆည်းထားခြင်းမဟုတ်သော မြေသိမ်းမှုများ၌ သိမ်းဆည်းခံလယ်သမားများအား တည်ဆဲဥပဒေများနှင့် တရားစွဲဆိုနေခြင်းမှာ လျော်ကန်မှုရှိ/မရှိနှင့်စပ်လျဉ်း၍ လက်ရှိ ဖြစ်ပေါ်နေသော သိမ်းဆည်းခံမြေများသည် သိမ်းဆည်းစဉ်ကာလ၊ အစိုးရ၏ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလအထိ ဌာနအဖွဲ့အစည်းပိုင် မြေအဖြစ် သတ်မှတ်ထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ဝယ်အသုံးပြုထိန်းသိမ်းရသည့် ဌာနအဖွဲ့အစည်းများ အနေဖြင့် ကျူးကျော်ဝင်ရောက် လုပ်ကိုင်သူများအပေါ် တရားစွဲဆိုသည့် အခြေအနေများဖြစ်ပါကြောင်း၊ မြေယာတစ်ရပ်အပေါ်၌ ပေါ်ပေါက်နေသော ကိစ္စတစ်ခုကို အဖွဲ့အစည်းနှစ်ခုဖြစ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်နှင့် တရားရေးဌာနတို့ တစ်ပြိုင်တည်း စစ်ဆေးဆောင်ရွက်နေခြင်းတို့သည် လျော်ကန်သင့်မြတ်မှု ရှိ/မရှိနှင့်စပ်လျဉ်း၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်သည် ပြည်သူများမှတင်ပြလာသည့် သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ မြေယာနှင့်သက်ဆိုင်သောဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း တရားစီရင်ရေးကဏ္ဍအရ ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်သော မြေယာအငြင်းပွားမှု၊ အမွေမှုများကို သက်ဆိုင်ရာတရားရုံးများတွင် ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ခြင်းမပြုပါကြောင်း၊ နိုင်ငံ တစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည့် မြေသိမ်းပိုက်ခံခြင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်က စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ အပြီးသတ်အမိန့်မချမှတ်မီ တရားရုံး များတွင် တရားစွဲဆိုခြင်းများ မပြုလုပ်ရန်နှင့် တရားစွဲဆိုထားဆဲ အမှုကိစ္စများကို ဆိုင်းငံ့ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ သိမ်းဆည်းမြေများကို တောင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးအပ်ရန်ရှိ/မရှိ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်က စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိ လက်ဝယ်ရရှိထားသည့် ဌာနအဖွဲ့အစည်းအနေဖြင့် သတ်မှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ စွန့်လွှတ်ခြင်း၊ မစွန့်လွှတ်နိုင်ခြင်းများကို လက်ရှိအခြေအနေများနှင့်တကွ ပြည့်စုံစွာစိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းစိစစ်တင်ပြချက်များအပေါ် မူဝါဒလုပ်ထုံးလုပ်နည်း ချိန်ထိုး၍ စွန့်လွှတ်ရန်၊ မစွန့်လွှတ်ရန် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ စွန့်လွှတ်မြေများနှင့်ပတ်သက်၍ မြေယာလွှဲပြောင်းမှုများ မပြီးပြတ်မီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ၎င်းတို့၏လွတ်လပ်သောဆန္ဒအရ တည်ဆဲဥပဒေများနှင့်အညီ တရား စွဲဆိုခြင်းအပေါ် သက်ဆိုင်ရာ တရားရုံးများက လက်ခံစစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ တရားစွဲဆို ထားသည့်အမှုကိစ္စများကို ဆိုင်းငံ့ထားပေးရန်မှာ တရားစွဲဆိုသူနှင့် တရားစွဲခံရသူ နှစ်ဦးနှစ်ဖက်၏သဘောဆန္ဒအရ ကျေအေး၊ရုပ်သိမ်းတင်ပြလာမှသာ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာတရားရုံးများမှ အမှု တစ်မှုချင်းအလိုက်သာ ဆုံးဖြတ်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဖြေကြားသည့် ဌာန
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

No comments:
Post a Comment