ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
နေပြည်တော် သြဂုတ် ၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက
အမှာစကားပြောကြားရာတွင် တရားစီရင်ရေး လွတ်လပ်မှုသည် တရားဥပဒေစိုးမိုးရေးတွင်
အခြေခံလိုအပ်ချက်ဖြစ်ပြီး မျှတသော တရားစီရင်မှု၏ အဓိက
အာမခံချက်လည်းဖြစ်ကြောင်း၊ တရားသူကြီးတစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊
အဖွဲ့အစည်းအနေဖြင့် သော်လည်းကောင်း တရားစီရင်ရေးလွတ်လပ်မှုကို
ထိန်းသိမ်းရမည့်အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိကြောင်းကိုလည်း စံနမူနာပြ
ဖြစ်စေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားစီရင်ရေး လုပ်ငန်းစဉ်များ
ပွင့်လင်း မြင်သာ၍ တာဝန်ခံနိုင်မှုရှိရန်၊ တရားရုံးများ၏
စွမ်းဆောင်ရည်ပိုမိုမြင့်မားလာရန်၊ တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းများကို အများသိရှိလာရန်အတွက် ဆောင်ရွက်သွားကြရန်နှင့်
တရားရုံးလုပ်ငန်း ဆောင်တာများအပေါ်တွင်လည်း ယထာဘူတကျကျ အကဲဖြတ်သုံးသပ်
ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်မှု၊ သာတူညီမျှမှု၊
စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ် တည်ကြည်မှု၊
ဂုဏ်သိက္ခာရှိမှုတို့သည် တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်များ၌ လိုအပ်သည့်
အရည်အသွေး စံနှုန်းများဖြစ်ကြောင်း၊ ယင်းအရည်အသွေးစံနှုန်းများကို
တရားစီရင်ရေး ကျင့်ဝတ်၏ အခြေခံမူများအဖြစ် စံသတ်မှတ်ပြီး မြန်မာနိုင်ငံ
တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်စာအုပ်ကို ထုတ်ပြန်ခဲ့ ကြောင်း၊
ထိုသို့ထုတ်ပြန်လိုက်သည့် တရားစီရင်ရေးကျင့်ဝတ်များကို
တရားစီရင်ရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးခြင်းဖြင့်
မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ
ရာဇဝတ်အမှုပေါင်း (၇၅၄)မှု လက်ခံရရှိပြီး (၆၂၃)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
တရားမအမှုပေါင်း (၁,၁၈၃)မှု လက်ခံရရှိပြီး (၉၈၈)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
ထို့ပြင် စာချွန်တော်လျှောက်ထားမှု (၁၃၂)မှု လက်ခံရရှိပြီး (၉၇)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှာ
ရာဇဝတ်အမှုပေါင်း (၂,၉၆၉)မှု လက်ခံရရှိပြီး (၂,၅၅၄)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၃,၀၄၆)မှု လက်ခံရရှိပြီး (၂,၄၈၂)မှု
စစ်ဆေး ပြီးပြတ်ကြောင်း၊ ခရိုင်တရားရုံးများမှာ
ရာဇဝတ်အမှုပေါင်း (၉,၇၃၀)မှု လက်ခံရရှိပြီး (၈,၃၂၀)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
တရားမအမှုပေါင်း (၆,၆၇၀)မှု လက်ခံရရှိပြီး (၅,၁၈၈)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၇၉,၁၉၇)မှု
လက်ခံရရှိပြီး (၁၆၉,၀၆၁)မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း
(၁၄,၅၆၉)မှု လက်ခံရရှိပြီး (၁၀,၆၃၇)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
ဥပေဒအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန် နှင့် မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၂၀၃)မှု လက်ခံရရှိပြီး (၁၇၀)မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး
(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာ ဥပဒေအရ
စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၁,၄၆၃)မှု လက်ခံရရှိပြီး (၁၁,၄၂၉)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး
(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၇၄,၀၇၉)မှု ကို
စစ်ဆေးစီရင် ခဲ့ကြောင်း၊ ထို့ကြောင့် တရားရုံးများကို
အားကိုးအားထားပြုပြီး လာရောက်တိုင်တည် ဖြေရှင်းနေရသော
ပြည်သူများကြုံတွေ့နေရသည့် မှုခင်းများကို တရားရုံးအဆင့်ဆင့်က
တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်နှင့်
အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏
ယုံကြည်ကိုးစားမှု အပြည့်အဝရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး
ကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရားရေးဦးစီးမှူးများ တက်ရောက်ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment