ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်
ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International
Cooperation Agency- JICA) တို့ ပူးပေါင်း၍ အသိဥာဏ်ပစ္စည်းဆိုင်ရာ
အလုပ်ရုံဆွေးနွေးပွဲ
အသစ်ပြဌာန်းမည့် IP Right _ Trademark Law နဲ့ပတ်သတ်လို့
စဉ်းစားစရာတွေများလာပါပြီ
မှတ်ပုံတင်ခြင်း
မှတ်ပုံတင်အရာရှိနှင့် မှတ်ပုံတင်ရုံး
အမှတ်တံဆိပ်
ကျော်ကြားသော အမှတ်တံဆိပ်
ဥပဒေ ပြဌာန်းချက်
အရေးယူဆောင်ရွက်မှုများ
ပြစ်မှု ပြစ်ဒဏ်များ
တရားရုံးထူထောင်ရန်နှင့် တရားသူကြီးများကို လေ့ကျင့်ပျိုးထောင်ရန်
Thursday, August 24, 2017
တရားဥပဒေ ဆိုသည်မှာ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)
တရားဥပဒေ ဆိုသည်မှာ
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၉) ရက်မြောက်နေ့ (၂၃.၈.၂၀၁၇)
(ဆ)-မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်းတရားစွဲ ဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နိုင်ငံအဝန်းတွင် မြေများသိမ်းပိုက်ကြရာတွင် သိမ်းပိုက်ပုံအမျိုးမျိုးရှိနိုင်ပါကြောင်း၊ သို့သော် မိမိတို့ဒေသတွင် မြေများသိမ်းပိုက်ရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ပါက အဆိုပါမြေဥပဒေ၏အခြေခံအားဖြင့် မြေသိမ်းခံရသူများ မနစ်နာစေရန် ကောလိတ္တော်အရာရှိမှ အခြားမြေများအစားပေးရခြင်း၊ လျော်ကြေးများပေးရခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ ယခု ထိုကဲ့သို့ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် မြေသိမ်းပိုက်ခံရမှုများ ပေါ်ပေါက်ရခြင်းဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေအရ သိမ်းပိုက်ထားခြင်းမဟုတ်သောမြေများကို ယခုအခါတွင် သိမ်းပိုက်ထားသောအဖွဲ့အစည်း များက၊ ပုဂ္ဂိုလ်များက လွှဲပြောင်းရရှိပြီး မြေများလက်ခံရရှိသည့်ပုဂ္ဂိုလ်များက အဆိုပါမြေများတွင် ဆက်လက်နေထိုင် နေကြသည့် တောင်သူလယ်သမားများကို တရားစွဲဆိုမှုများ အများအပြားပေါ်ပေါက်ခဲ့သည့်အတွက် မြေသိမ်းအဖွဲ့ အဆင့်ဆင့်၊ မြေသိမ်းများပြန်လည်စိစစ်ရေးအဖွဲ့အဆင့်ဆင့်ကစိစစ်ကြရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင် အဆိုပါမြေများသိမ်းပိုက်ခဲ့ကြရာတွင် မြေအားလုံးကို စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိဘဲ မြေပို၊ မြေလွတ်များ အများအပြားကျန်ရှိနေပါကြောင်း၊ မြေသိမ်းခံရသော လယ်သမားများကလည်း အခြားနေစရာ လည်းမရှိ။ လုပ်စရာလည်းမရှိသည့်အတွက် ၎င်းမြေများတွင်သာ ဆက်လက်နေထိုင်လုပ်ကိုင်စားသောက် နေထိုင် ခဲ့ကြပါကြောင်း၊ ကနဦးကာလများတွင် သက်ဆိုင်ရာ မြေသိမ်းအဖွဲ့အစည်းများနှင့် မြေလက်ဝယ်ရှိသူများက သီးစားချထားပြီး အဆိုပါမြေများကို လယ်သမားများအား လုပ်ကိုင်စေပါကြောင်း၊ လယ်သမားများက မိမိတို့ ပိုင်ဆိုင်သောလယ်များကို မိမိတို့ကိုယ်တိုင် သီးစားချပေးပြီး ဆောင်ရွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သိမ်းပိုက် မြေများကို သီးစားချထားခြင်းမပြုရဟူသောအမိန့် ထွက်ရှိလာသည့်အတွက် သီးစားချထားခြင်းများ မရှိတော့ ပါကြောင်း၊ သို့သော်လည်း တောင်သူလယ်သမားများက လယ်ယာမြေအစွန်အဖျားများ၊ လမ်းဘေးများ စသည်တို့တွင်နေထိုင်ပြီး ၎င်းလယ်များတွင်သာ ပဲခင်းများစိုက်ပျိုးပြီး စပါးနှင့်မြက်များကို ရောနှောရိတ်ကာ ရသမျှစပါးများကို စားသုံးကြရပါကြောင်း၊
ထို့ကြောင့် လယ်သမားများ၏ကိစ္စရပ်များကို မြေသိမ်းပိုက်ခံရမှုကိုပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေး နေသည့်အချိန်တွင် မြေပိုင်ဆိုင်သူများ၊ မြေလက်ဝယ်ရှိသူများက တရားရုံးအဆင့်ဆင့်တွင် တရားစွဲဆိုကြသည့် အတွက် လယ်သမားများ ထောင်ဒဏ်ကျခံခြင်း၊ ဒဏ်ငွေအသီးသီးပေးခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်များတွင် MEC က မြေဧက ၂၂၅၈.၈၈ ကို သိမ်းပိုက်ခဲ့ပြီး မြေဧက ၈၀၀.၉၆ ဧကကို မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါကြောင်း၊ ၎င်းဦးစီးဌာနမှ ပုဂ္ဂလိကအဆင့်ဆင့်သို့ လွှဲပြောင်းပြီး ဆောင်ရွက်ခဲ့ကြရာတွင် လယ်သမားများနှင့် ဆက်လက်ပြီး ပဋိပက္ခများဖြစ်ခဲ့သည့်အတွက် မြေများနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့်အခြေအနေကို တည်ဆဲဥပဒေနှင့်အညီ သိမ်းဆည်းထားသော မြေများမဟုတ်ဘဲ သိမ်းဆည်းခံလယ်သမားများကို တည်ဆဲဥပဒေများနှင့် တရားစွဲဆိုနေခြင်းများသည် လျော်ကန်မှုရှိ/မရှိ။ မြေယာများအပေါ်တွင် အမှုကိစ္စတစ်ခုတည်းအပေါ်တွင် မြေသိမ်း သိမ်းပိုက်ထားသော ပုဂ္ဂိုလ်များဘက်က တရားရုံးများကလည်းကောင်း၊ သိမ်းပိုက်မြေများ ပြန်လည်စိစစ်ရေးအဖွဲ့မှလည်းကောင်း တစ်ပြိုင်တည်း စစ်ဆေးနေခြင်းကိုလည်း လျော်ကန်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဖြေကြားချက်
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်
ယခုမေးခွန်းနှင့်ပတ်သက်၍ ယခင်အာဏာပိုင်အဖွဲ့အစည်းများ၏ မြေသိမ်းဆည်းမှုများအား အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးအာဏာများအရ ဆောင်ရွက်သည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ သိမ်းဆည်းထားသည့်မြေလွတ်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်းအတွက် သိမ်းဆည်းခံလယ်သမားများကို တရားစွဲဆိုခြင်း လျော်ကန်မှုရှိ/မရှိ ကိစ္စတစ်ရပ်အတွက် ထင်မြင်ယူဆချက် တောင်းခံခြင်းဖြစ်သည့်အတွက် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၄၀ နည်းဥပဒေခွဲ (ဂ) အရ တရားလွှတ်တော်ချုပ်မှ ထင်မြင်ချက်ပေးနိုင်မည် မဟုတ်ပါကြောင်း၊
မြေယာတစ်ရပ်အပေါ် ပေါ်ပေါက်နေသည့် အမှုကိစ္စတစ်ခုကို အဖွဲ့အစည်းနှစ်ခုဖြစ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်နှင့် တရားရေးဌာနတို့က တစ်ပြိုင်တည်း စစ်ဆေးဆောင်ရွက်နေခြင်းတို့သည် လျော်ကန်သင့်မြတ်မှုရှိ/မရှိ မေးမြန်းချက်နှင့်ပတ်သက်၍လည်း ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၄၀ နည်းဥပဒေခွဲ (ဂ) အရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ထင်မြင်ချက်ပေးနိုင်မည် မဟုတ်ပါကြောင်း၊ တတိယမေးခွန်းနှင့် ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆောင်ရွက်လျက်ရှိသည့် မြေသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်က စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗဟိုလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ အပြီးသတ်အမိန့်မချမှတ်မီ တရားရုံးများတွင် တရားစွဲဆိုခြင်းမပြုလုပ်ရန် တရားစွဲဆိုထားသည့် အမှုကိစ္စများကိုလည်း ဆိုင်းငံ့ပေးထားနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး တရားရုံးများတွင် ဥပဒေတစ်ရပ်ရပ်အရ တားမြစ်ပိတ်ပင်ထားသည့် ကိစ္စရပ်များမှအပ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုခြင်း ပြုလုပ်နိုင်ပါကြောင်း၊ တရားရုံးများက စွဲဆိုလာသည့် အမှုများကို တရားစွဲတင်လာလျှင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၉၀ ပုဒ်မခွဲ (၁) ပုဒ်မခွဲငယ် (က) (ခ) (ဂ) (ဃ) နှင့် ပုဒ်မ ၂၀၀ တို့အရ လက်ခံစစ်ဆေးရပါကြောင်း၊ အလားတူပင် တရားစွဲဆိုထားသည့် အမှုများကို ဆိုင်းငံ့ပေးနိုင်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးများက ဆိုင်းငံ့မိန့်ထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ဗဟိုကော်မတီက အပြီးသတ်မဆုံးဖြတ်မီတို့မှ တရားရုံးများ၌ တရားစွဲဆိုခြင်းမပြုရန်နှင့် တရားစွဲဆိုထားသည့် အမှုများကိုဆိုင်းငံ့ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ ၅-၅-၂၀၁၆ ရက်နေ့ အမိန့်ကြော်ငြာစာဖြင့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအုပ်စု၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် သိမ်းဆည်းခံမြေယာကိစ္စများကို ဖြေရှင်းဆောင်ရွက်ရာတွင် အမြန်ဆုံး၊ အထိရောက်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် သိမ်းဆည်းမြေများနှင့် စပ်လျဉ်းပြီး မူဝါဒ ၅ ရပ်၊ တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ ၃ ရပ်၊ စွန့်လွှတ်မြေများ သက်ဆိုင်သူလက်ဝယ်သို့ အမြန်ရောက်ရှိစေရေးလုပ်ငန်းစဉ် ၈ ရပ်၊ သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၆) ချက်၊ စွန့်လွှတ်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၇)ချက်၊ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၅) ချက်၊ ကော်မတီအဆင့်ဆင့်တွင် အလေးထားဆောင်ရွက်ရန် အချက် (၁၅) ချက် စုစုပေါင်းမူဝါဒ ၄၉ ချက်ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့်အပြင် စဉ်းစားဆုံးဖြတ်ရန်ခက်ခဲသော ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး စွန့်လွှတ်မြေများ၊ သိမ်းဆည်းမြေများဆိုင်ရာ လမ်းညွှန်ချက် ၈ ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊
တည်ဆဲဥပဒေနှင့်အညီ သိမ်းဆည်းထားခြင်းမဟုတ်သော မြေသိမ်းမှုများ၌ သိမ်းဆည်းခံလယ်သမားများအား တည်ဆဲဥပဒေများနှင့် တရားစွဲဆိုနေခြင်းမှာ လျော်ကန်မှုရှိ/မရှိနှင့်စပ်လျဉ်း၍ လက်ရှိ ဖြစ်ပေါ်နေသော သိမ်းဆည်းခံမြေများသည် သိမ်းဆည်းစဉ်ကာလ၊ အစိုးရ၏ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်အရ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလအထိ ဌာနအဖွဲ့အစည်းပိုင် မြေအဖြစ် သတ်မှတ်ထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ဝယ်အသုံးပြုထိန်းသိမ်းရသည့် ဌာနအဖွဲ့အစည်းများ အနေဖြင့် ကျူးကျော်ဝင်ရောက် လုပ်ကိုင်သူများအပေါ် တရားစွဲဆိုသည့် အခြေအနေများဖြစ်ပါကြောင်း၊ မြေယာတစ်ရပ်အပေါ်၌ ပေါ်ပေါက်နေသော ကိစ္စတစ်ခုကို အဖွဲ့အစည်းနှစ်ခုဖြစ်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်နှင့် တရားရေးဌာနတို့ တစ်ပြိုင်တည်း စစ်ဆေးဆောင်ရွက်နေခြင်းတို့သည် လျော်ကန်သင့်မြတ်မှု ရှိ/မရှိနှင့်စပ်လျဉ်း၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအဆင့်ဆင့်သည် ပြည်သူများမှတင်ပြလာသည့် သိမ်းဆည်းခံမြေများနှင့် ပတ်သက်၍ မြေယာနှင့်သက်ဆိုင်သောဥပဒေ၊ နည်းဥပဒေများ၊ မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့သော်လည်း တရားစီရင်ရေးကဏ္ဍအရ ဖြေရှင်းရမည့် ကိစ္စရပ်များဖြစ်သော မြေယာအငြင်းပွားမှု၊ အမွေမှုများကို သက်ဆိုင်ရာတရားရုံးများတွင် ဖြေရှင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စိစစ်ဆောင်ရွက်ခြင်းမပြုပါကြောင်း၊ နိုင်ငံ တစ်ဝန်းတွင် ဆောင်ရွက်လျက်ရှိသည့် မြေသိမ်းပိုက်ခံခြင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်က စစ်ဆေးမှုများပြုလုပ်နေစဉ်အတွင်း လယ်ယာ မြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ အပြီးသတ်အမိန့်မချမှတ်မီ တရားရုံး များတွင် တရားစွဲဆိုခြင်းများ မပြုလုပ်ရန်နှင့် တရားစွဲဆိုထားဆဲ အမှုကိစ္စများကို ဆိုင်းငံ့ထားပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ သိမ်းဆည်းမြေများကို တောင်သူများသို့ ပြန်လည်စွန့်လွှတ်ပေးအပ်ရန်ရှိ/မရှိ၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်က စိစစ်ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိ လက်ဝယ်ရရှိထားသည့် ဌာနအဖွဲ့အစည်းအနေဖြင့် သတ်မှတ်ထားသည့် မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ စွန့်လွှတ်ခြင်း၊ မစွန့်လွှတ်နိုင်ခြင်းများကို လက်ရှိအခြေအနေများနှင့်တကွ ပြည့်စုံစွာစိစစ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ၎င်းစိစစ်တင်ပြချက်များအပေါ် မူဝါဒလုပ်ထုံးလုပ်နည်း ချိန်ထိုး၍ စွန့်လွှတ်ရန်၊ မစွန့်လွှတ်ရန် သတ်မှတ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ စွန့်လွှတ်မြေများနှင့်ပတ်သက်၍ မြေယာလွှဲပြောင်းမှုများ မပြီးပြတ်မီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ၎င်းတို့၏လွတ်လပ်သောဆန္ဒအရ တည်ဆဲဥပဒေများနှင့်အညီ တရား စွဲဆိုခြင်းအပေါ် သက်ဆိုင်ရာ တရားရုံးများက လက်ခံစစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ တရားစွဲဆို ထားသည့်အမှုကိစ္စများကို ဆိုင်းငံ့ထားပေးရန်မှာ တရားစွဲဆိုသူနှင့် တရားစွဲခံရသူ နှစ်ဦးနှစ်ဖက်၏သဘောဆန္ဒအရ ကျေအေး၊ရုပ်သိမ်းတင်ပြလာမှသာ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာတရားရုံးများမှ အမှု တစ်မှုချင်းအလိုက်သာ ဆုံးဖြတ်သည့်လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဖြေကြားသည့် ဌာန
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

Tuesday, August 22, 2017
အသိဉာဏ်ပစ္စည်း မူပိုဆင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၀၁၇ ၀၈ ၂၂-၂၄
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်ဂျပန်အပြည်ပြည်ဆိုင်ရာ
ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperation Agency -
JICA) တို့ ပူးပေါင်း၍ အသိဉာဏ်ပစ္စည်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် Park Royal Hotel ဟိုတယ်၌
ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ထိရောက်သော အသိဉာဏ်ပစ္စည်းဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးစနစ် တည်ထောင်ရန်အတွက် လိုအပ်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း နှင့် ကုန်အမှတ်တံဆိပ်ချိုးဖောက်မှု နမူနာမှုခင်းလေ့လာခြင်းတို့ကို ဆွေးနွေးမည်ဖြစ်ပါသည်။ ဆွေးနွေးပွဲသို့ JICA ဖက်မှ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများဖြစ်သည့် ပါမောက္ခ Mr. KUMAGAI Kenichi နှင့် ရှေ့နေ Mr. ONODERA Yoshifumi ၊ JICA ဥပဒေအကြံပေးများ နှင့် တာဝန်ရှိသူများတက်ရောက်ပြီး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် အသိဉာဏ်ပစ္စည်းဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များအပါအဝင် စုစုပေါင်းတရားရေးအရာရှိ ၂၂ ဦး တက်ရောက်ကြသည်။
သြဂုတ်လ ၂၂ ရက်မှ ၂၄ ရက်အထိ ကျင်းပမည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် တရားစီရင်ရေးဆိုင်ရာမဟာဗျူဟာစီမံကိန်းအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး နှင့် JICA တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ထိရောက်သောအသိဉာဏ်ပစ္စည်းဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေးစနစ် တည်ထောင်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

Thursday, August 3, 2017
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် သြဂုတ် ၃
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော်များ၏ (၁၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို
ယနေ့ နံနက် ၉း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်
အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး
တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးက
အမှာစကားပြောကြားရာတွင် တရားစီရင်ရေး လွတ်လပ်မှုသည် တရားဥပဒေစိုးမိုးရေးတွင်
အခြေခံလိုအပ်ချက်ဖြစ်ပြီး မျှတသော တရားစီရင်မှု၏ အဓိက
အာမခံချက်လည်းဖြစ်ကြောင်း၊ တရားသူကြီးတစ်ဦးချင်းအနေဖြင့်သော်လည်းကောင်း၊
အဖွဲ့အစည်းအနေဖြင့် သော်လည်းကောင်း တရားစီရင်ရေးလွတ်လပ်မှုကို
ထိန်းသိမ်းရမည့်အပြင် တရားစီရင်ရေး လွတ်လပ်မှု ရှိကြောင်းကိုလည်း စံနမူနာပြ
ဖြစ်စေရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားစီရင်ရေး လုပ်ငန်းစဉ်များ
ပွင့်လင်း မြင်သာ၍ တာဝန်ခံနိုင်မှုရှိရန်၊ တရားရုံးများ၏
စွမ်းဆောင်ရည်ပိုမိုမြင့်မားလာရန်၊ တရားစီရင်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲမှု
လုပ်ငန်းများကို အများသိရှိလာရန်အတွက် ဆောင်ရွက်သွားကြရန်နှင့်
တရားရုံးလုပ်ငန်း ဆောင်တာများအပေါ်တွင်လည်း ယထာဘူတကျကျ အကဲဖြတ်သုံးသပ်
ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် လွတ်လပ်မှု၊ သာတူညီမျှမှု၊
စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ် တည်ကြည်မှု၊
ဂုဏ်သိက္ခာရှိမှုတို့သည် တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်များ၌ လိုအပ်သည့်
အရည်အသွေး စံနှုန်းများဖြစ်ကြောင်း၊ ယင်းအရည်အသွေးစံနှုန်းများကို
တရားစီရင်ရေး ကျင့်ဝတ်၏ အခြေခံမူများအဖြစ် စံသတ်မှတ်ပြီး မြန်မာနိုင်ငံ
တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ်စာအုပ်ကို ထုတ်ပြန်ခဲ့ ကြောင်း၊
ထိုသို့ထုတ်ပြန်လိုက်သည့် တရားစီရင်ရေးကျင့်ဝတ်များကို
တရားစီရင်ရေးလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လိုက်နာကျင့်သုံးခြင်းဖြင့်
မှန်ကန်မျှတစွာ ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်ပြီး မှုခင်းများ စစ်ဆေးစီရင်ခဲ့မှုနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ
ရာဇဝတ်အမှုပေါင်း (၇၅၄)မှု လက်ခံရရှိပြီး (၆၂၃)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
တရားမအမှုပေါင်း (၁,၁၈၃)မှု လက်ခံရရှိပြီး (၉၈၈)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
ထို့ပြင် စာချွန်တော်လျှောက်ထားမှု (၁၃၂)မှု လက်ခံရရှိပြီး (၉၇)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှာ
ရာဇဝတ်အမှုပေါင်း (၂,၉၆၉)မှု လက်ခံရရှိပြီး (၂,၅၅၄)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း (၃,၀၄၆)မှု လက်ခံရရှိပြီး (၂,၄၈၂)မှု
စစ်ဆေး ပြီးပြတ်ကြောင်း၊ ခရိုင်တရားရုံးများမှာ
ရာဇဝတ်အမှုပေါင်း (၉,၇၃၀)မှု လက်ခံရရှိပြီး (၈,၃၂၀)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
တရားမအမှုပေါင်း (၆,၆၇၀)မှု လက်ခံရရှိပြီး (၅,၁၈၈)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
မြို့နယ်တရားရုံးများမှာ ရာဇဝတ်အမှုပေါင်း (၁၇၉,၁၉၇)မှု
လက်ခံရရှိပြီး (၁၆၉,၀၆၁)မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ တရားမအမှုပေါင်း
(၁၄,၅၆၉)မှု လက်ခံရရှိပြီး (၁၀,၆၃၇)မှု စစ်ဆေးပြီးပြတ်ကြောင်း၊
ဥပေဒအရတည်ထောင်သော အခြားတရားရုံးများဖြစ်သည့် ကလေးသူငယ်တရားရုံး (ရန်ကုန် နှင့် မန္တလေး) မှာ ကလေးသူငယ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၂၀၃)မှု လက်ခံရရှိပြီး (၁၇၀)မှု စစ်ဆေး ပြီးပြတ်ကြောင်း၊ စည်ပင်သာယာတရားရုံး
(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး) တို့မှာ စည်ပင်သာယာ ဥပဒေအရ
စွဲဆိုတင်ပို့သည့် အမှုပေါင်း (၁၁,၄၆၃)မှု လက်ခံရရှိပြီး (၁၁,၄၂၉)မှု
စစ်ဆေးပြီးပြတ်ကြောင်း၊ မော်တော်ယာဉ်တရားရုံး
(နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တို့မှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း
ဖောက်ဖျက်၍ မော်တော်ယာဉ်ဥပဒေအရ စွဲဆိုတင်ပို့သည့် အမှုပေါင်း (၇၄,၀၇၉)မှု ကို
စစ်ဆေးစီရင် ခဲ့ကြောင်း၊ ထို့ကြောင့် တရားရုံးများကို
အားကိုးအားထားပြုပြီး လာရောက်တိုင်တည် ဖြေရှင်းနေရသော
ပြည်သူများကြုံတွေ့နေရသည့် မှုခင်းများကို တရားရုံးအဆင့်ဆင့်က
တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်နှင့်
အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင်မှသာလျှင် ပြည်သူများ၏
ယုံကြည်ကိုးစားမှု အပြည့်အဝရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် ပြည်ထောင်စုတရားစီရင်ရေး
ကြီးကြပ်မှုရုံးတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရားရေးဦးစီးမှူးများ တက်ရောက်ကြပါသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း
အစည်းအဝေးကို သြဂုတ်လ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း
သတင်းရရှိသည်။
မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ် မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကျင်းပ
နေပြည်တော် သြဂုတ် ၂
ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်
မိတ်ဆက်ထုတ်ပြန်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီက နေပြည်တော်၊
သင်္ဂဟဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုတရားသူကြီးချုပ်
ဦးထွန်းထွန်းဦးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ
မဟာဗျူဟာစီမံကိန်း ရည်မှန်းချက် " ၄.၂.၂- ကျင့်ဝတ်စည်းကမ်းများကို
ပြည်လည်သုံးသပ်ခြင်း၊ တရားစီရင်ရေးဆိုင်ရာပညာရပ်နှင့်
ကျင့်ဝတ်ဆိုင်ရာနည်းဗျူဟာများ မြှင့်တင်ပေးခြင်း " အစီအစဉ်အရ
တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်များ အသစ်ရေးဆွဲရန်နှင့် အသစ်ရေးဆွဲထားသည့်
ကျင့်ဝတ်များ အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်လာသည့်အတွက်
အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များအဖွဲ့ (ICJ)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်
(UNDP) တို့၏ နည်းပညာဆိုင်ရာ အကူအညီ၊ ဒိန်းမတ်သံရုံး၏ အထောက်အပံ့များဖြင့်
ပူးပေါင်းဆောင်ရွက်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံ တရားသူကြီးများ အတွက်
အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ညီညွတ်သော
တရားစီရင်ရေးကျင့်ဝတ်စာအုပ် ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊
ယခုထုတ်ပြန်သည့် မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်သည်
တရားသူကြီးများအတွက် ကျင့်ဝတ်ဆိုင်ရာအပြုအမူများအတွက်
စံချိန်စံနှုန်းများသတ်မှတ်ရန်နှင့် တရားစီရင် ရေးတာဝန် ထမ်းဆောင်သည့်အခါ
လမ်းညွှန်မှုရရှိစေရန်ုဖြစ်ပါကြောင်း၊ ထို့ပြင် တရားစီရင်ရေးကျင့်ဝတ်တွင်
ပါဝင်သော အခြေခံမူများသည် နိုင်ငံတော်၏ အုပ်ချုပ်မှုအာဏာပိုင်နှင့်
ဥပဒေပြုအာဏာပိုင်များ၊ ရှေ့နေများ နှင့် ပြည်သူလူထုအား တရားစီရင်ရေးကဏ္ဍ၏
လုပ်ဆောင်ချက်များကို တိုင်းတာဆန်းစစ်နိုင်ရန် စံတစ်ခု အနေဖြင့်
ရည်ရွယ်ရေးဆွဲခြင်းလည်းဖြစ်ပါကြောင်း၊ တရားစီရင်ရေးကျင့်ဝတ်ကို
ထုတ်ပြန်လိုက်ခြင်းအတွက် တရားသူကြီးများနှင့် တရားရေးဝန်ထမ်းများသာမက
တရားစီရင်ရေးကဏ္ဍတွင် ဆက်စပ်ပါဝင်သူများ အားလုံးက တရားစီရင်ရေးစနစ်အပေါ်
ပိုမိုသဘောပေါက်နားလည်လာပြီး လိုအပ်သော ပံ့ပိုးမှုများကို
အထောက်အကူပြုခြင်းဖြင့် မျှတ၍ခိုင်မာသော တရားစီရင်ရေးစနစ်
ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို မျှော်လင့်ပါကြောင်းနှင့်
မြန်မာနိုင်ငံတရားသူကြီးများအတွက် တရားစီရင်ရေးကျင့်ဝတ်ကို တရားသူကြီးများ
လိုက်နာဆောင်ရွက်ရန်နှင့် ကျင့်ဝတ်ဖောက်ဖျက်ခြင်းအတွက်
အရေးယူဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဌ၊
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများ၊
လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများမှ
ဖိတ်ကြားထားသူများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ တက္ကသိုလ်များမှ
ဥပဒေပါမောက္ခများ၊ ရှေ့နေများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့်
ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံးတို့မှ တာဝန်ရှိသူများ
တက်ရောက်ကြသည်။
အခမ်းအနားပြီးဆုံးပြီးနောက် မြန်မာနိုင်ငံ တရားသူကြီးများအတွက်
တရားစီရင်ရေးကျင့်ဝတ် ရှင်းလင်း ဆွေးနွေးပွဲနှင့် တရားစီရင်ရေးကျင့်ဝတ်
အကောင်အထည်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတို့ကို
ဆက်လက်ကျင်းပပြုလုပ်ကြောင်း သတင်းရရှိပါသည်။
Subscribe to:
Comments (Atom)
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...