L Mway Soe_Jurist
Legal Researcher ဥပေဒသုေတသီ
Monday, March 31, 2025
Friday, November 26, 2021
စီရင်ချက်များ၊ ပြစ်ဒဏ်များ၊ ပြစ်ဒဏ်စီရင်ချက်များ၊ အကျဉ်းသားများကို အမျိုးအစား ခွဲခြားခြင်း အကြောင်း
စီရင်ချက်များ
စီရင်ချက်ချခြင်း။
၆၅၃။
စီရင်ချက်ကို တရားခံ၏ရှေ့၌ လူသိရှင်ကြား တရားခွင်တွင် ချမှတ်ရမည်။ သို့တည်းမဟုတ် အမှု စစ်ဆေးစီရင်သည့်အတွင်း တရားခံကိုယ်တိုင် လာရောက်ခြင်းမှ ကင်းလွှတ်ခွင့်ပြုထားပြီးဖြစ်၍၊ စီရင် ချက် မှာလည်း တရားခံကို တရားသေလွတ်ရန်သသော်၄င်း၊ ဒဏ်ငွေလောက်သော ပေးဆောင်ရန် သော်၄င်း ဖြစ်လျှင်၊ တရားခံ၏ ရှေ့နေတွင် စီရင်ချက်ချမှတ်ရမည်။ ငွေဒဏ်ပါသည့် ပြစ်ဒဏ်စီရင်ချက်ကို ချမှတ်သည့်အခါ၊ စက်ရှင်တရားသူကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီး အသီးသီးသည်၊ အားလုံးသော တရားရုံးများ အပြင်ဘက်၌ မြင်သာအောင် ပြထားသည့် တရားရုံးများလက်စွဲ ဥပဒေစာပိုဒ် ၁၀၅၉တွင် ပြဌာန်းထားသည့် နို့တစ်စာကို တရားခံအား သတိပြုစေရန် နှိုးဆော်ရမည့်ပြင်၊ ဘီလစ်ရုံးခန်း မည်သည့နေရာ၌ ရှိသည်ကို ညွှန်ပြ၍၊ ဘီလစ်၏ အမည်ကိုလည်း ထုတ်ဖော်ပြရမည်၊ ထိုသို့ပြုလုပ်ပြီးကြောင်းကို အမှုတွဲ၏ နေ့စဉ်မှတ်တမ်းတွင် ရေးမှတ် ထားရမည်။
စီရင်ချက်တွင် ပါရမည့် အချက်များ။
၆၅၄။
စီရင်ချက်ကို ရုံးသုံးဘာသာဖြင့် ရေးသားရမည်။ စီရင်ချက်ကို ချမှတ်သည့် အခါ၌၊ လူသိရှင်ကြား တရားခွင်တွင် စီရင်ချက်ကို နေ့စွဲကပ်၍ လက်မှတ်ရေးထိုးရမည်။ စီရင်ချက်ကို နှုတ်တိုက်ပြော၍ ရေးစေ နိုင်သည်။ နှုတိုက်ပြော၍ဖြစ်စေ၊ လက်နှိပ်စက်နှင့်ဖြစ်စေ ရေးလျှင်၊ စီရင်ချက်၏ စာမျက်နှာ တိုင်းတွင် ရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် တရားသူကြီးက လက်မှတ်ရေးထိုးရမည်။ စီရင်ချက်ကို လက်မှတ်ရေးထိုးပြီး ဖြစ်သည့်အခါ၊ စာအရေးအသား မှားယွင်းချက်ကို ပြင်ရန် မှတပါး၊ ထိုစီရင်ချက်ကို ပြောင်းလဲခြင်းသော်၄င်း၊ ပြန်လည်စစ်ဆေးခြင်းသော်၄င်း၊မပြုနိုင်။ ၃၆၇(၁)
ပူးတွဲ စစ်ဆေးသာ အမှုများတွင် စီရင်ချက်များ။
၆၅၅။
တရားခံ နှစ်ယောက်ကိုဖြစ်စေ၊ နှစ်ယောက်ထက်ပိုသော တရားခံများကိုဖြစ်စေ အတူတကွ စစ်ဆေးစီရင်၍၊ ထိုတရားခံ အသီးသီးပေါ်တွင် စွဲချက်တင်ရန် အခြေခံပြုသော သက်သေခံချက်တို့မှာ အားလုံးထပ်တူမဟုတ်သော အမှုများတွင် စီရင်ချက်၌ အောက်ပါအတိုင်းပါရှိရမည်။ (၁) တရားလိုဘက် သက်သေထွက်ချက်ကိုလိုအပ်သည့် အလျောက် ယေဘုယျအား ဖြင့် ဝေဖန်လျက် အမှု၏အကြောင်းအရာ အလုံအလောက်ကို အတိုကောက် ဖော်ပြချက်။ (၂) တရားခ့ အားလုံးနှင့်သော်၄င်း၊ အများနှင့်သော်၄င်း အတူသက်ဆိုင်သမျှ၊ တရားခံဘက်မှ ချေဆိုသော အမှုကို အလားတူ ဖော်ပြချက်နှင့် ဝေဖန်ချက်။ (၃) တရားခံအသီးသီးကို ဆန့်ကျင်ထိခိုက်သည့် သက်သေခံချက်နှင့် ထောက်ခံသည့် သက်သေခံချက် တို့ကို သီးခြားဖော်ပြချက် ဝေဖန်ချက်တို့နှင့်တကွ ၄င်းတို့အပေါ်တွင် တိကျပြတ်သားသည့် ဆုံးဖြတ်ချက် များ တရားခံနှစ်ဦး သို့တည်းမဟုတ် နှစ်ဦးထက်ပိုသော တရားခံများပေါ်တွင် ဆန့်ကျင်ထွက်ဆိုသည့် သက်သေခံချက်သည် ထပ်တူဖြစ်သောအခါ ထိုတရားခံကို တဦးစီစဉ်းစားဝေဖန်မည့်အစား တလုံး တစည်းတည်း စဉ်းစားဝေဖန်ရမည်။ တရားခံအသီးသီးအတွက် တရားခံဘက်သက်သေခံချက်ကို လိုအပ် သည့်အလျောက် သီးခြားဆောင်ရွက်ရမည်။ တရားခံများအပေါ်တွင် တင်သည့်စွဲချက်များမှာ မတူဘဲ ကွဲလွဲခြင်းရှိသောအခါ တရားခံအသီးသီးပေါ်တွင် တင်သည့်စွဲချက်ကို စီရင်ချက်၏ ဤအပိုင်းတွင် ဖော်ပြ ရမည်။ (၄) တရားခံအသီးသီးပေါ်တွင် ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက် သို့တည်းမဟုတ်အမိန့် ။ ၃၆၉။
အချို့သောအမိန့်များ၌ စီရင်ချက်မိတ္တူများ သို့တည်းမဟုတ် စစ်ဆေးစီရင်မှု၏ အပြီးသတ်မှု အခြေအနေ ကို အကြောင်းကြားခြင်း
ပြည်ထောင်စုစစ်ရဲတပ်သားများကို စစ်ဆေးစီရင်မှု၏ အပြီးသတ်အခြေအနေ
၆၅၆။
ပြည်ထောင်စုစစ်ရဲတပ်သားတဦးတယောက် ကျူးလွန်သော ပြစ်မှုနှင့် စွဲချက်ကို ရာဇဝတ်တရား ရုံးက စုံစမ်းစစ်ဆေးသောအခါ သို့တည်းမဟုတ် စစ်ဆေးစီရင်သောအခါ ထိုစုံစမ်းမှု၏ သို့တည်းမဟုတ် စစ်ဆေးစီရင်မှု၏ အပြီးသတ်အခြေအနေကို တရားရုံးက တပ်ရင်းမှူးထိသော်၄င်း၊ စစ်ရေးထံသို့သော်၄င်း အကြောင်းကြားရမည်။ ပြည်ထောင်စုစစ်ရဲပတ်သားတဦးသည် ရာဇဝတ် အယူခံမှုတွင် အယူခံတရားလိုဖြစ်မှု သို့တည်း မဟုတ် အယူခံတရားခံဖြစ်မှု ထိုအယူခံမှု၏ အပြီးသတ်အခြေအနေကို အယူခံတရားရုံးကတပ်ရင်းမှူး ထံသို့သော်၄င်း၊ စစ်ရေးထံသို့သော်၄င်း အကြောင်းကြားရမည်။ စီရင်ချက်မိတ္တူကို ရလိုကြောင်း အထူး လျှောက်ထားခြင်းမရှိလျှင်၊ ပေးရန်မလို။ အကယ်၍ လျှောက်တောင်းခဲ့သော်၊ စီရင်ချက်မိတ္တူကို အခမဲ့ထုတ်ပေးရမည်။
အရံစစ်မှုထမ်း အပေါ်၌ပြစ်မှု ထင်ရှားစီရင်ခြင်း
၆၅၇။
ရာဇဝတ်တရားရုံးက ၊ ဗမာတပ်မတော်အရံစစ်မှုထမ်း တဦးကို တကျွန်းပို့ဒဏ်ဖြစ်စေ၊ သုံးလ ပို့သောထောင်ဒဏ်ဖြစ်စေ ကျခံစေရန် စီရင်သောအခါ၊ ထိုသို့ ပြစ်ဒဏ်စီရင်သည့် အကြောင်းကို တရားရုံး က စစ်ရေးချုပ်ထံသို့ အကြောင်းကြားရမည်။
အစိုးရအမှုထမ်းကို ပြစ်မှုထင်ရှားစီရင်ခြင်း၊ သို့တည်းမဟုတ် တရားသေလွှတ်ခြင်း။
၆၅၈။
(၁) အစိုးရအမှုထမ်း တဦးတယောက်သည်၊ ပြစ်မှုတခုခုနှင့်တရားစီရင်ရေးအရ ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရသည့်အခါ၊ ထိုသူလုပ်ကိုင်သည့် ဌာနအကြီးအကဲထံသို့ စီရင်ချက်မိတ္တူတစောင် ပေးပို့ရမည်။ ထိုမိတ္တူကိုအခမဲ့ပေးရမည်။ (၂) အစိုးရပင်စာ လစာ ရသူ တဦးတယောက်သည်၊ ပြစ်မှု တခုခုနှင့် တရားစီရင်ရေးအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့်အခါ၊ နိုင်ငံဝန်ထမ်း စည်းမျဉ်း ဥပဒေအပိုဒ် ၃၅၀ အရ အရေးယူရန်အလို့ငှာ စီရင်ချက်မိတ္တူတစောင်ကို ထိုသူပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် ဆိုင်ရာ ခရိုင်ဝန် ထံသို့ ထိုမိတ္တူကို အခမဲ့ပေးရမည်။ (၃) ရာဇဝတ်တရားရုံးက အစိုးရ ရာထမ်းမှုထမ်း တဦးတယောက်ကို တရားသေသော်၄င်း၊ တရားရှင် သော်၄င်း လွှတ်သောအခါ ဆိုင်ရာဌာနအကြီးအကဲက လျှောက်တောင်းမှု စီရင်ချက်သို့တည်းမဟုတ် အမိန့်မိတ္တူတစောင်ကို အခမဲ့ပေးရမည်။ ဤအမိန့်ကို လက်အောက်ခံတရားရုံးများက လိုက်နာကြစေရန် သင့်လျော်သော စီမံချက်များပြုရန်ခရိုင်ရာဇဝတ်တရားသူကြီးများက နိုးဆော်လိုက်သည်။
ကုန်သည်မှု သင်္ဘောစုဆိုင်ရာ သက်သေခံလက်မှတ်ရအရာရှိကို ပြစ်မှုထင်ရှားစီရင်ခြင်း။
၆၅၉။
ကုန်သွယ်မှုသင်္ဘောစုဆိုင်ရာ သက်သေခံလက်မှတ်အရ အရာရှိတဦးတယောက်ကို ကြီးလေး သောပြစ်မှုတခုခုနှင့် ပြစ်မှုထင်ရှားစီရင်သော အမှုအရပ်ရပ်၌ အသေးစိတ်ဖော်ပြသည့် အကြောင်းအချက် များကို ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ တရားရေးဝန်ကြီးဌာန အတွင်းဝန်ထံသို့ ပေးပို့ရမည်။ ပြစ်မှု ထင်ရှားစီရင်ပြီးနောက် ဆောလျင်နိုင်သမျှ ဆောလျင်စွာ ဤအကြောင်းအချက်များကို ပေးအပ်ရမည်။ ထိုသို့ပေးအပ်သည့်အခါ၊ အသီးသီး၌ ထိုအကြောင်းအချက်များနှင့်အတူ ပြစ်မှုထင်ရှားစီရင်သည့် တရားရုံး၏ စီရင်ချက်မိတ္တူ နှစ်စောင်ကိုပါ ပူးတွဲပေးပို့ရမည်။
သစ်တောမှုများအစီရင်ခံခြင်း။
၆၆၀။
(၁) သစ်တောအရာရှိ စွဲဆိုသည်ဖြစ်စေ၊ မစွဲဆိုသည်ဖြစ်စေ၊ ရာဇဝတ်တရားသူကြီးများ စီရင် ဆုံးဖြတ်သည့် သစ်တောဆိုင်ရာ အမှုအရပ်ရပ် အစီရင်ခံစာရင်းကို ပုံစံ နှင့်ရေးသားပြီးလျှင် ထိုရာဇဝတ်တရားသူကြီးတို့က ဆိုင်ရာ သစ်တောခရိုင်ဝန်များထံသို့ ပေးပို့ကြရန် နှိုးဆော်လိုက်သည်။ (၂) ထိုစာရင်းကို အမှုဆုံးဖြတ်သည်နှင့်တပြိုင်နက် ပေးပို့ရမည်။ ထိုစာရင်းနှင့်စပ်လျဉ်း၍ စာပေး စာယူ ပြုလုပ်ရန်ရှိလျှင် သစ်တောအရာရှိက ရာဇဝတ်တရားသူကြီးထံသို့ လိပ်တပ်၍ ခရိုင်ရာဇဝတ်တရားသူ ကြီးထံမှတဆင့်ပေးပို့ရမည်။ ပြန်စာပေးရန်ရှိလျှင် ထိုလမ်းစဉ်အတိုင်း ပြန်စာကိုပေးပို့ရမည်။
စက်ရှင်မှုများ။ ၊ အကျဉ်းဌာနမင်းကြီးက လျှောက်တောင်းသည့်အခါ စီရင်ချက်မိတ္တူကို အခမဲ့ပေးခြင်း။
၆၆၁။
စက်ရှင်မှုများ ၄င်း အမှုများနှင့် ထည့်သွင်းသော အယူခံမှုများနှင့် လွှဲအပ်မှုများ၏ စီရင်ချက် မိတ္တူများနှင့် စပ်လျဉ်း၍စာပိုဒ် ၅၈၉ နှင့် ၅၉၀ ကိုကြည့်။ ၆၆၁-က။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ (၃)နှစ်ဖြစ်စေ (၃)နှစ်အထက်ပို၍ဖြစ်စေ ထောင်ဒဏ်ချမှတ် ခံရသူများ ဖြစ်သည့်အချက်တွင် အယူခံတစုံတရာရှိမှု သက်ဆိုင်ရာအကျဉ်းသားများ၏ အတ္ထုပ္ပတ္တိ စာတမ်းတွင် လိုအပ်သည့်ရေးသွင်းချက်များ ပြုလုပ်ရန်အလို့ငှာ အကျဉ်းဌာနမင်းကြီးက လျှောက် တောင်း သည့် အခါ အယူခံစီရင်ချက်မိတ္တူ၁ စောင်ကို အခမဲ့ပေးရမည်။
ပြစ်ဒဏ်များ (၁)ထောင်ဒဏ်
ထောင်ဒဏ်။
၆၆၂။
အရပ်ရပ်အက်ဥပဒေများတွင်၄င်း အရပ်ရပ် တချက်လွှတ်ဥပဒေများတွင်၄င်း အရပ်ရပ်စည်းမျဉ်း ဥပဒေများတွင်၄င်း ဆန်ကျင်ကွဲလွဲချက် ဖော်ပြပါရှိသည် မဟုတ်လျှင် “ထောင်ဒဏ်ဆိုသည်မှာ အလုပ်ကြမ်းထောင်ဒဏ်ကိုသော်၄င်း အလုပ်မဲ့ထောင်ဒဏ်ကိုသော်၄င်း ဆိုလိုသည်”။
နေ့ရက်အစိတ်အပိုင်းထောင်ဒဏ်
၆၆၃။
နေ့ရက်၏အစိတ်အပိုင်းအတွက် ထောင်ဒဏ်သည် တရားဥပဒေနှင့်အညီ ချမှတ်နိုင်သည့် ထောင်ဒဏ်ကာလမဟုတ်သာလျှင် ထိုထောင်ဒဏ်ကို ချမှတ်ခြင်း မပြုရ။ သို့ရာတွင် အပြစ်ဒဏ်ဆိုရုံမျှ သာချမှတ်ထိုက်သည့် အချက်တွင်မူ ရုံးဆင်းသည့်တိုင်အောင် ထောင်ဒဏ်ချမှတ်ခြင်းကို ကန့်ကွက်ရန် မရှိချေ။
တိုတောင်းသော ထောင်ဒဏ်ချမှတ်ခြင်းမှာ မတင့်တော်ခြင်း
၆၆၄။
ပြစ်မှုကျူးလွန်သူတို့အပေါ်၌ ပြစ်ဒဏ်ချမှတ်ရာတွင် ရာဇဝတ်တရားသူကြီးတို့ ရရှိသည့် သဘော အတိုင်း ဆောင်ရွက်ပိုင်ခွင့် အာဏာကိုမည်သို့မျှ နှောင့်ယှက် စွပ်ဖက်ခြင်း မပြုလိုသော်လည်း ပြစ်မှု ကျူးလွန်သူတို့အပေါ်၌သုံးလ သို့တည်းမဟုတ် သုံးလအောက်လျော့သည့် ကာလတိုတောင်းသော ထောင်ဒဏ်များ ချမှတ်သည့်အတွက် ဖြစ်ပေါ်သည့် မကောင်းကျိုးများကို လေးနက်စွာသတိပေးသင့် သည်။ အထူးသဖြင့် အလုပ်သမားလူတန်းစားဖြစ်သည့်အချက်များ၌ ကျောက်ထိုးနိုင်ခြင်း၊ဆေးထိုးနိုင် ခြင်း စသည်တို့ကို ပြုလုပ်ရသည့်အတွက် ရက်သတ္တသုံးပတ်ကြာမျှ ကုန်လွန်မည်ဖြစ်၍ အကျဉ်းသားမှာ အချိန်ကာလအနည်းငယ်လောက်သာ ကျခံရမည့်အပြင် အဆက်မပြတ် အားထုတ်လုပ်ကိုင်ရသည့် မည်သည့်လုပ်ငန်းတွင်မျှ ခိုင်းစေနိုင်မည်မဟုတ်သောကြောင့် ထိုသို့သော ထောင်ဒဏ်မျိုးမှာ နောက်ထပ် ပြစ်မှု မကျူးလွန်ရလေအောင် ဟန့်တားသည့် အကျိုး အနည်းငယ်လောက်သာ သက်ရောက်စေသည့် ပြုရိုးပြုစဉ်အားဖြင့် ထိုအကျဉ်းသားအား အကျဉ်းထောင်၌ အိမ်တွင်းမှုနှင့် စပ်လျဉ်းသည့်အစေအပါး လုပ်ငန်းများကို လုပ်ကိုင်စေသည်ဖြစ်၍ များသောအားဖြင့် ထိုအကျဉ်းသားမှာ သက်သာလွယ်ကူစွာ နေထိုင်ရလေသည်။ တစ်ကြောင်းမှာလည်း အကျဉ်းထောင်၌ နေထိုင်ရခြင်းသည် များသောအားဖြင့် ကိုယ်ကျင့်တရားနှင့်ပတ်သက်၍ မကောင်းကျိုးကိုဖြစ်စေသည်။ ပေါင်းသင်းဆက်ဆံမှုမှာလည်း ယုတ်ညံ့ စေသဖြင့် မည်သမျှပင်ကာလတိုတောင်းစွာ ထောင်ဒဏ်ခံရစေကာမူ ထိုထောင်ဒဏ်ခံရသည့်အတွက် စာရိတ္တနှင့် ကိုယ်ကျင့်တရား ပျက်ပြားစေခြင်းကြောင့် မကြာခဏရာဇဝတ်မှု ကျူးလွန်အဖြစ်သို့ ရောက် စေတတ်သည်။ အချို့သောအမှုများတွင် တိုတောင်းသော ထောင်ဒဏ်မှလွှဲ၍ အခြားသောပြစ်ဒဏ်မျိုး ချမှတ်နိုင်ကြောင်း သိရှိရသည်။ သို့သောအမှု၏ အကြောင်းခြင်းရာများအရ အမှန်လိုသည်ထက်ပို၍ ကာလရှည်လျားသော ထောင်ဒဏ်ချမှတ်ခြင်းအားဖြင့် ကာလတိုတောင်းသောထောင်ဒဏ်ချမှတ်ခြင်းကို လွှဲဖယ်ရှောင်ရှားခြင်းမပြုထိုက်။ သို့သော်အမှုတိုင်း၌ ရာဇဝတ်တရားသူကြီးသည် သုံးလ သို့တည်း၆၆၁-က။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍ (၃)နှစ်ဖြစ်စေ (၃)နှစ်အထက်ပို၍ဖြစ်စေ ထောင်ဒဏ်ချမှတ် ခံရသူများ ဖြစ်သည့်အချက်တွင် အယူခံတစုံတရာရှိမှု သက်ဆိုင်ရာအကျဉ်းသားများ၏ အတ္ထုပ္ပတ္တိ စာတမ်းတွင် လိုအပ်သည့်ရေးသွင်းချက်များ ပြုလုပ်ရန်အလို့ငှာ အကျဉ်းဌာနမင်းကြီးက လျှောက် တောင်း သည့် အခါ အယူခံစီရင်ချက်မိတ္တူ၁ စောင်ကို အခမဲ့ပေးရမည်။
၆၆၅။
နေ့ရက်အနည်းငယ်မျှ ထောင်ဒဏ်ချမှတ်ခြင်းများမှ အကျဉ်းထောင်များဆိုင်ရာ အမှုထမ်းများ အား ပြောပလောက်အောင် အလုပ်များစေ၍ နိုင်ငံတော်အစိုးရအားလည်း ပြောပလောက်အောင် စရိတ် များကုန်ကျသည်ဖြစ်၍ ထိုထောင်ဒဏ်ချမှတ်ခြင်းများကို တတ်နိုင်သည့်အခါတိုင်း မပြုလုပ်ဘဲရှောင်ကျဉ် ရမည်။ အကျဉ်းသားတဦးကို အကျဉ်းထောင်၌ လက်ခံရရှိသည့်အခါ နည်းလမ်းတကျဆောင်ရွက်မှု အများအပြားတို့ကို လိုက်နာဆောင်ရွက်ရမည်ဖြစ်၍ ပုံစံအများအပြားတို့ကိုလည်း ဖြည့်သွင်းရမည်ဖြစ် သည်။ ထို့အပြင် ထိုအကျဉ်းသားတို့ကို လွှတ်သည့်အခါ ၄င်းကို လွှတ်လိုက်သည့် နေ့အတွက် စားစရိတ် နှင့်တကွ ၄င်း၏နေအိမ်သို့ပြန်ရန် အခလွှတ်ခရီးသွားလာခွင့်ကိုလည်း ပေးရမည်။ တည်ဆဲအကျဉ်း ထောင်နည်းဥပဒေများအရ ပြစ်ဒဏ်စီရင်ချက်သည် တနင်္ဂနွေနေ့၌ ကုန်ဆုံးလျှင် ထိုနေ့မတိုင်မီ စနေနေ့ တွင်အကျဉ်းသားကို လွှတ်ရမည်ဖြစ်သဖြင့် မကြာခဏပင် လွှတ်ပစ်ရန်ကိစ္စအတွက် သက်သက်ရောက်ရှိ လာခြင်းဖြစ်တတ်လေသည်။ သို့ဖြစ်သည်နှင့် လျော်ညီစွာ သေးငယ်သော ပြစ်မှုအတွက် ဟန့်တားသည့်အနေနှင့်သော်လည်း သေးငယ်သည့်ဒဏ်ငွေမပေးမဆောင် ပျက်ကွက်သည့်အတွက် သော်၄င်း၊ တိုတောင်းသော ထောင်ဒဏ် ကို ချမှတ်ရန်လိုအပ်သည့် အချက်တွင် ပြစ်မှုမှာ မည်သို့ သေးငယ်စေကာမူ၊ သို့တည်းမဟုတ် ငွေဒဏ်မှာ မည်သို့ပင် သေးငယ်စေကာမူ၊ ပြစ်ဒဏ်စီရင်သည့် ကာလအပိုင်းအခြားမှာ (၅)ရက်အောက်နည်းသော ပြစ်ဒဏ်မဖြစ်စေရ။ (အောက်ပါစာပိုဒ် ၆၈၃ နှင့် ယှဉ်ကြည့်)။
အလုပ်မဲ့ထောင်ဒဏ်
၆၆၆။
တရားရုံးများက ပြုလုပ်လေ့ရှိသည်မှာ အလုပ်မဲ့ထောင်ဒဏ်စီရင်ရာ၌ ကျူးလွန်သောပြစ်မှုတွင် ကိုယ်ကျင့်တရားပျက်ပြားမှု သေးငယ်ခြင်းကြောင့်မဟုတ်ဘဲ အကျဉ်းခံရမည့်သူမှာ အလုပ်ကြမ်းကို လုပ်ကိုင်နိုင်စွမ်း မရှိဟု ထင်ရသောကြောင့် အလုပ်မဲ့ ထောင်ဒဏ်ကို စီရင်လေ့ရှိသည်။အကျဉ်းသားမှာ မိမိ၏ ကိုယ်အင်အားအလျောက် အလုပ်ကြမ်းကို လုပ်ကိုင်နိုင်စွမ်းမရှိဟူသောအချက်ကို တရားရုံးများက စဉ်းစားဆင်ခြင်ရမည်မဟုတ်။ အကျဉ်းထောင်အာဏာပိုင်တို့ကိုသာ အကျဉ်းသား၏ အင်အားကို ထောက်၍ မည်သည့်အလုပ်မျိုးကိုပေး၍ သင့်လျော်မည်ကို ချင့်ချိန်ကြည့်ရှုပြီးလျှင် သင့်လျော်ရာ အလုပ် ကိုသာ လုပ်စေရမည်။ တရားရုံးတို့မှက ပြစ်မှုနှင့်သင့်လျော်မည့် ထောင်ဒဏ်မည်၍မည်မျှ မည်သည့် ထောင်ဒဏ်အမျိုးအစားမှစ၍ ပြစ်မှုကျူးလွန်သူ၏ အကျင့်စာရိတ္တအခြေအနေတို့ကိုသာ ထောက်ထားဆင်ခြင်ရန်ဖြစ်သည်။ ထို့အပြင် အလုပ်ကြမ်းထောင်ဒဏ်အစား အလုပ်မဲ့ထောင်ဒဏ်ကို ရွေးချယ်စီရင်ခြင်းသည် အကျဉ်းသားကို အကျဉ်း ထောင်တွင် လက်ခံသည့်အခါ မည်ကဲ့သို့ စီမံရမည်ဟူသည့် နည်းလမ်းတွင် အလွန်အရေးကြီးသော ခြားနားမှုတရပ်ဖြစ်စေသည်။ တရားရုံးများက သိရှိနားလည်သင့်ပေသည်။
အလုံထောင်ချခြင်း
၆၆၇။
ရာဇသတ်ကြီးပုဒ်မ ၇၃ နှင့် ၇၄ အရ မည်သည့်အတွက် အလုံထောင်ဒဏ်ချမှတ်ရသည့် အကြောင်း ပြချက်များကို တရားရုံးက ပြစ်ဒဏ်စီရင်သောအခါ အစဉ်သဖြင့် ရေးမှတ်ရမည်။ အင်္လန်နိုင်ငံ အလုံထောင်ပြစ်ဒဏ် စီရင်နိုင်သည့် အခွင့်အာဏာကို ၁၈၉၃ ခုနှစ်မှစ၍ ဖျက်သိမ်းလိုက်ပြီဖြစ်၍ ထိုပြစ် ဒဏ်မှာ သာမန်အားဖြင့် အကျဉ်းသားကို ပြန်လည်ပြုပြင်ရန် အားထုတ်ရာ၌ အဟန့်အတားဖြစ်စေသည့် အပြင် ၄င်း၏စိတ်စွမ်းအင် သတ္တိတို့ကိုလည်း တိုးတတ်ကောင်းမွန်စေမည့်အစား ပျက်ယွင်းစေသည်ဖြစ် သောကြောင့် ၊ ထို့ပြစ်ဒဏ်ပါးရှားသော အပြစ်များတွင်သာ အသုံးပြုရမည်။ အကျဉ်းချုပ် စစ်ဆေးစီရင် သည့် အမှု၌၊ အလုံထောင်ပြစ်ဒဏ်ကို ပြစ်ဒဏ်စီရင်ချက် တစိတ်တဒေသအဖြစ်နှင့် မည်သည့်အခါမှ မချမှတ်ရ။ ပထမအကြိမ်ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် အခါတွင်လည်း ထိုပြစ်ဒဏ်ကို မချမှတ်ရ။ စစ်ဆေးစီရင်မှုတခုတည်းတွင်ဖြစ်စေ တခုထက်ပိုသည့် စစ်ဆေးစီရင်မှုများတွင်ဖြစ်စေ သီးခြားပြစ်မှု များအတွက် ချမှတ်သည့်အလုံထောင်ဒဏ်ပြစ်ဒဏ်များမှ စုစုပေါင်း သုံးလထက် မပိုစေရ။
(၂) တကျွန်းပို့ဒဏ်
၆၆၈။
(၁) တကျွန်းပို့ပြစ်ဒဏ် စီရင်ချက်များကို လုပ်ရိုးလုပ်စဉ်အားဖြင့် ဆောင်ရွက်ခြင်းမရှိချေ။ သို့ဖြစ်သောကြောင့်၊ စက်ရှင်တရားသူကြီးများနှင့် အထူးအာဏာကို သုံးစွဲသော ရာဇဝတ်တရားသူကြီး တို့သည် ရာဇသတ်ကြီးပုဒ်မ ၁၂၃ မှ ၁၃၀ အထိ အရ ပြစ်မှုများကဲ့သို့ အလွန်ကြီးလေးသော ပြစ်မှုများ တွင်မှတပါး ပုဒ်မ ၅၉ အရ မိမိတို့တွင်ရှိသော ရိုသေဆောင်ရွက်ပိုင်ခွင့်ကို သုံးစွဲခြင်းမပြုရ။ ထို့ပြင် တကျွန်းပို့ပြစ်ဒဏ်စီရင်ချက်ကို ရာဇသတ်ကြီးအရ အထူးလိုအပ်သည်မဟုတ်လျှင် ဥပမာအားဖြင့် ထောင်တသက်ပြစ်ဒဏ်များချသည့်ကိစ္စမဟုတ်လျှင် သာမန်အားဖြင့်ချမှတ်ခြင်းမပြုရ။ ရာဇသတ်ကြီး ၅၉ (၂) ရာဇသတ်ကြီး ပုဒ်မ ၅၉ အရ ထောင်ဒဏ်စီရင်ချက်ကို တကျွန်းပို့ဒဏ်စီရင်ချက်အဖြစ်သို့ ပြောင်းလဲခြင်းပြုသည်မဟုတ်ချေ။ လိုက်နာရန် မှန်ကန်သော နည်းလမ်းမှာ ပြစ်ဒဏ်ကျူးလွန်သူကို ရာဇဝတ်သတ်ကြီးပုဒ်မ ၅၉ နှင့် ဖက်တွဲဖက်ရှုသော ပြစ်မှုအတွက် ပြစ်ဒစ်ချမှတ်ထိုက်သည့် ပုဒ်မအရ တကျွန်းပို့စီရင်ခြင်းပင်ဖြစ်သည်။
(၄) ငွေဒဏ်များ
များလွန်းသောငွေဒဏ်များ
၆၈၂။
ငွေဒဏ်ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက်များကို ငွေဒဏ်ချမှတ်ခံရသူ၏ ငွေဒဏ်ထမ်းဆောင်နိုင် သည့်အခြေအနေကို ထိုက်သင့်စွာ မထောက်ထားဘဲ မည်သည့်အခါမျှ မထောက်ထားဘဲ မည်သည့်အခါ မျှ မချမှတ်ရ။ များလွန််းသောငွေဒဏ်များကို မချမှတ်စေရဟု တရားဥပဒေကတားမြစ်သဖြင့် သတိပြုရန် ရှောင်ကျဉ်ရမည်။ ရာဇသတ်ကြီး ၆၃-၇၀/ရာဇတ်သတ်ကြီး ဂ။
ငွေဒဏ်မပေးမဆောင် ပျက်ကွက်သည့်အတွက်ထောင်ဒဏ်
၆၈၃။
(၁) ငွေဒဏ် မပေးမဆောင် ပျက်ကွက်သည့်အတွက် ထောင်ဒဏ်စီရင်ခြင်းနှင့် စပ်လျဉ်းသည့် ရာဇသတ်ကြီးပုဒ်မ ၆၄ မှ ၆၇ အထိ အပါအဝင်နှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၃ ကို ဂရုပြုရကြစေ ရန် တရားရုံးများအား နှိုးဆော်လိုက်သည်။ ရာဇသတ်ကြီး -၆၅ (၂) ပြစ်မှုသည် ထောင်ဒဏ်ငွေဒဏ် ၂ရက် ထိုက်သည့်ပြစ်မှုဖြစ်လျှင် ငွေဒဏ်မပေး မဆောင် ပျက်ကွက်သည့်အတွက် ချမှတ်သည့်ထောင်ဒဏ်မှာ ရာဇသတ်ကြီးပုဒ်မ ၆၅ အရ ထိုပြစ်မှုအတွက် အများဆုံးသတ်မှတ်သည့်ထောင်ဒဏ်၏ လေးပုံတစ်ပုံထက်မပိုရ။ ထောင်ဒဏ်ကို အမှန်ချမှတ်သည်ဖြစ်စေ မချမှတ်မီဖြစ်စေ ဤနည်းဥပဒေနှင့် သက်ဆိုင်ခြင်းရှိ သည့်ဤနည်းဥပဒေသည် ထောင်ဒဏ်ငွေဒဏ်၂ရပ်လုံးချမှတ်နိုင်သည့် အမှုများနှင့်သာ သက်ဆိုင်သည် မဟုတ် ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံးမဟုတ်ဘဲ ထောင်ဒဏ်တခုတည်းဖြစ်စေ ငွေဒဏ်တခုတည်းဖြစ်စေ ချမှတ်နိုင်သည့် အမှုများနှင့်လည်း သက်ဆိုင်ခြင်းရှိသည်။ ၃၃(၁)(က) (၃) ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်ထိုက်သည့်အမှုများတွင် ငွေဒဏ်တရပ်တည်း ချမှတ်သောအခါ ငွေဒဏ် မပေးမဆောင်ပျက်ကွက်သည့်အတွက် ရာဇဝတ်တရားသူကြီးသည် စာပိုဒ်ခွဲ(၂)ပါနည်းဥပဒေနှင့်မဆန့် ကျင်ဘဲ မိမိရရှိသည့် သာမန်အာဏာ အကန့်အသတ်ထိ ထောင်ဒဏ်သက်သက်စီရင်သည့်အခါ ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သည့်အတွက် ပထမတန်းရာဇဝတ်တရားသူကြီးက ထောင်ဒဏ် ၉ လ ဒုတိယ တန်းရာဇဝတ်တရားသူကြီးက ထောင်ဒဏ် ၆ လ တတိယတန်းရာဇဝတ်တရားသူကြီးက ထောင်ဒဏ် ၁လ ချမှတ်နိုင်သည်။ ၃၃(၁)(ခ)။ (၄) ရာဇဝတ်တရားသူကြီးက ထောင်ဒဏ်ငွေဒဏ်နှစ်ရပ်လုံး စီရင်သည့် အချက်တွင် ငွေဒဏ်မပေးမဆောင် ပျက်ကွက်သည့်အတွက် ချမှတ်သည့်ထောင်ဒဏ်ကာလအပိုင်းအခြားမှ ရာဇဝတ် တရားသူကြီးကမူရင်း စီရင်ပိုင်ခွင့် အာဏာရှိသည့်ကာလအပိုင်းအခြား လေးပုံတစ်ပုံထက်မပိုချေ။ သို့ဖြစ် ၍ စာပိုဒ်ခွဲ ၃ တွင် ဖော်ပြထားသော အမှု၌ ပထမတန်း ရာဇဝတ်တရားသူကြီးက ၆ လထက်ပို၍ ၄င်း ဒုတိယတန်းရာဇဝတ်တရားသူကြီး ၁လခွဲထက်ပို၍၄င်း၊ တတိယတန်းရာဇဝတ်တရားသူကြီးက ရက်သတ္တပတ်ပို၍၄င်း၊ ထောင်ဒဏ်မစီရင်နိုင်ချေ။ ရာဇသတ်ကြီး ၆၇ (၅) ပြစ်မှုမှာ ငွေဒဏ်သက်သက် ထိုက်သည့်ပြစ်မှုဖြစ်လျှင် ငွေဒဏ်မပေးမဆောင်ပျက်ကွက်သည့် အတွက် တရားရုံးကချမှတ်သည့်ထောင်ဒဏ်မှာ- (က) အလုပ်မဲ့ထောင်ဒဏ်ဖြစ်စေရမည်။ (ခ) ပြစ်မှုကျူးလွန်သူကို ငွေဒဏ်မပေးမဆောင်ပျက်ကွက်သည့်အတွက် တရားရုံးက ချမှတ် သည့် ထောင်ဒဏ်ကာလမှာ ငွေဒဏ်သည်ကျပ် ၅၀ ထပ်မပိုလျှင် ၂လထက်မပိုစေရ ငွေဒဏ်သည် ကျပ် တရာထပ် မပိုလျှင် လေးလထက် မပိုစေရ။ အခြားသောအချက်များတွင် ၆ လထက်မပိုစေရ။ ၃၃(၁)(က) ဤအချက်တွင် တတိယတန်းရာဇဝတ်တရားသူကြီးသည် ငွေဒဏ်မပေးမဆောင် ပျက် ကွက် သည့်အတွက် ထောင်ဒဏ် ၁ လထက်ပို၍ မချမှတ်နိုင်။ (အထက်စာပိုဒ် ၆၆၅ ကို လည်းကြည့်)။
၆၈၄။
ငွေဒဏ်မပေးမဆောင်ပျက်ကွက်သည့် အတွက်ချမှတ်သည့်ထောင်ဒဏ်မှာ ပြစ်မှုအတွက် စီရင် နိုင်သည့် မည်သည့်ထောင်ဒဏ်မျိုးမဆို ဖြစ်နိုင်သည်။ ရာဇသတ်ကြီး ၆၆
ငွေဒဏ်မပေးမဆောင်ပျက်ကွက်သည့်အတွက် ထောင်ဒဏ်နှင့်စပ်လျဉ်းသည့် နည်းဥပေဒကို သက်ဆိုင် စေခြင်း။
၆၈၅။
စာပိုဒ် ၆၈၃ နှင့် ၆၈၄ တို့တွင်ပါရှိသည့် နည်းဥပဒေများသည် ဆန့်ကျင်ကွဲလွဲသည့် ပြဌာန်းချက် အတိအလင်းမရှိလျှင် မည်သည့်အက်ဥပဒေ စည်းမျဉ်းဥပဒေ နည်းဥပဒေ သို့တည်းမဟုတ် စည်းကမ်း ဥပဒေအရမဆို စီရင်သည့်ငွေဒဏ်အရပ်ရပ်နှင့် သက်ဆိုင်သည့် ဤနည်းဥပဒေအာဏာ သက်ရောက်ခြင်း မှ ချန်လှပ်သည့်အတိအလင်း ပြဌာန်းချက်တစုံတရာမရှိကြောင်းကို တရားရုံးများက သတိထားကြည့်ရှု ရမည်။ ဥပမာဆိုသော် ရဲအက်ဥပဒေပုဒ်မ ၄၇ တွင် ဤနည်းဥပဒေကို ပယ်ဖျက်စေသော အတိအလင်း ပြဌာန်းချက်ပါရှိလေသည်။ ယေဘုယျစကားရပ်များ အက်ဥပဒေ ၂၅ ။
ပြစ်ဒဏ်စီရင်ချက်များ
၆၈၆။
လူတဦးကိုပြစ်မှုတခုတည်းအတွက် ပြစ်မှုထင်ရှားစီရင်သောအခါ ပုဒ်မ ၅၆၂ ပါ ပြဌာန်းချက် များကို အထောက်အထားပြုလျက် ပြစ်ဒဏ်စီရင်သည်ဆိုရုံမျှပင်ဖြစ်စေကာမူ ထိုသူအပေါ်၌ ပြစ်ဒဏ်တခု ခုချမှတ်ရမည်။
၆၈၇။
စစ်ဆေးစီရင်သော အမှု တရပ်တည်းတွင် သီးခြား ချမှတ်သော တကျွန်းပို့ ဒဏ်ကိုဖြစ်စေ၊ ထောင်ဒဏ်ကိုဖြစ်စေ၊ တပြိုင်နက်တည်းခံစေရန် တရားရုံးက အမိန့်ချမှတ်နိုင်သည့်အတိုင်း ချမှတ်သည် မဟုတ်လျှင်၊ ၄င်းပြစ်ဒဏ်များမှာ တခုပြီးမှတခု ကျခံရသည်။ ၃၅။
၆၈၈။
တသီးတခြားစီ စစ်ဆေးစီရင်သော အမှုများ၌ ချမှတ်သော သီးခြားပြစ်ဒဏ်များမှာ၊ နောက်ပြစ် ဒဏ်ကို ချမှတ်သော တရားရုံးက၊ အဆိုပါ နောက်ပြစ်ဒဏ်ကို တရားခံအား ယခင်ချမှတ်သည့် ပြစ်ဒဏ် နှင့် တပြိုင်နက်တည်းခံစေရန် အမိန့်ချမှတ်သည်မဟုတ်လျှင် တခုပြီးမှ တခုကျခံရသည်။ ၃၉၇။
ဒင်္ဂါးပြုလုပ်မှုများတွင် ပြစ်ဒဏ်စီရင်ချက်များ။
၆၈၉။
ဒင်္ဂါးပြုလုပ်ခြင်းနှင့် စပ်လျဉ်းသည့် ပြစ်မှုများအတွက်၊ တရားရုံးများက အချို့အမှုများ၌သာ ချမှတ်သည့် ပြစ်ဒဏ်များမှာ လုံလောက်ခြင်းမရှိသည့်အကြောင်းကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌက သတိပေး နှိုးဆော် ခဲ့ပြီးဖြစ်သည်။ သို့ဖြစ်သောကြောင့် ထိုသို့သော အမှုများတွင် သင့်လျော်သော ပြစ်ဒဏ် များကို ချမှတ်ကြစေရန် ရာဇဝတ်တရားသူကြီး တို့အား သတိပေးလိုက်သည်။ ထိုသို့သော အမှုများတွင် ချမှတ်သည့် ပြစ်ဒဏ် အရပ်ရပ်တို့ကို စက်ရှင်တရားသူကြီးများနှင့် ခရိုင် ရာဇဝတ်တရားသူကြီးတို့က ဂရုပြု၍ စစ်ဆေး ကြည့်ရှုကြရန် နှိုးဆော်လိုက်သည်။ အမှုတခုခုတွင် တရားရုံးကချမှတ်သည့် ပြစ်ဒဏ် စီရင်ချက်မှာ မလုံမလောက်ကြောင်း အထင်အရှား ဖြစ်သည့်အခါ၊ ထိုပြစ်ဒဏ် စီရင်ချက်ကို ပြင်ဆင်၍ တိုးမြှင့်စေရန် တရားရုံးချုပ်သို့ လျှောက်ထား ရမည်။
နာကျင်စေမှုများ၌ ပြစ်ဒဏ်စီရင်ချက်များ။
၆၉၀။
(၁) ဓားနှင့်ဖြစ်စေ၊ အခြားသေစေလောက်သော လက်နက်နှင့်ဖြစ်စေ၊ နာကျင်စေသည့် အမှုတို့ ၌၊ အမှန်မုချဟန့်တားစေမည်ဖြစ်သော ပြစ်ဒဏ်များကို ချမှတ်သင့်ကြောင်း၊ ရာဇဝတ်တရားသူကြီးတို့ အားသတိပေးနှိုးဆော်လိုက်သည်။ အနည်းငယ်မျှ ဒေါသထွက်အောင် ပြုလုပ်ခြင်းကြောင့်သော်၄င်း၊ များသေား အားဖြင့် ဒေါသထွက်အောင် အလျင်းမပြုဘဲနှင့် သော်၄င်း ဓားများကိုအသုံးပြုခြင်းမှာ၊ မြန်မာ နိုင်ငံ၌ အကြိမ်ပေါင်း မကြာခဏ များလွန်းလှပေသည်။ ဤကဲ့သို့ ဘေးအန္တရာယ်ကြီးသော အလေ့အထ ကို နှိမ်နင်းနိုင်တန်ရာသည့် အကောင်းဆုံးနည်းလမ်းမှာ ပြင်းထန်၍ ထိရောက်သောပြစ်ဒဏ် ချမှတ်ခြင်းပင်ဖြစ်သည်။ (၂) သေစေလောက်သော လက်နက်နှင့် အပြင်းအထန် နာကျင်စေသည့်အတွက်၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ စစ်ဆေးစီရင်ရန် တရားခံကိုတင်ပို့သောအခါ၊ထိုအမှုကို ခရိုင်ရာဇဝတ်တရားသူကြီးက မိမိ ထင်မြင်သည့်အလျောက်၊ မိမိ၏ အထူးအာဏာအရ စစ်ဆေးစီရင်နိုင်စေရန်၊ သို့တည်းမဟုတ် အထူးအာဏာရ ရာဇဝတ်တရားသူကြီးတဦးထံ စစ်ဆေးစီရင်ရန် လွှဲပြောင်းပေးနိုင်စေရန် ခရိုင်ရာဇဝတ် တရားသူကြီးထံသို့ အစဉ်သဖြင့် လွှဲအပ်တင်ပို့ရမည်။ ဤအမှုမျိုးအမြောက်အမြားမှာ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ အရ ပြစ်ဒဏ်ထိုက်သည့် လူသတ်မှု ကျူးလွန်ရန် အားထုတ်မှုများနှင့်၊ ခွဲခြားရန် ခဲယဉ်းပေသည်။ ခရိုင်ရာဇဝတ်တရားသူကြီး၊ သို့တည်းမဟုတ် ပုဒ်မ ၃၀အရ အထူးအာဏာအပ်နှင်းခြင်းခံရသည့် ရာဇဝတ် တရားသူကြီးမှတပါး၊ အခြားသော ရာဇဝတ်တရားသူကြီးတို့က ဤသို့သော အမှုများတွင် လုံလောက်စွာ ပြင်းထန်သည့်ပြစ်ဒဏ်ကို ချမှတ်နိုင်ရန် ခဲယဉ်းပေသည်။
နွားခိုးမှုများ၌ ပြစ်ဒဏ်စီရင်ချက်များ
၆၉၁။
အချို့သော ခရိုင်များတွင် အဖိုးတန်လယ်ထွန်နွားများ၊ သို့တည်းမဟုတ် လှည်းဆွဲ နွားများကို၊ လယ်ယာလုပ်ကိုင် သူတို့၏ အိမ်များမှသော်၄င်း၊ ကျွဲနွား စားကျက်မြေများမှသော်၄င်း၊ ခိုးယူမှုများ ပေါများခြင်းရှိနိုင်သည်။ ထိုပြစ်မှုများ ပျံ့နှံ့ ဖြစ်ပေါ်ခြင်းကြောင့်၄င်း၊ ထိုပြစ်မှုကြောင့် လယ်ယာလုပ်ကိုင် သူတို့အား မိမိတို့လယ်ယာများ ထွန်ယက်လုပ်ကိုင်နိုင်ရန် နည်းလမ်းကို ဆုံးပါးစေသည့်အတွက် မိမိတို့၏ အသက်မွေးဝမ်းကျောင်းကိုလည်းဆုံးပါးစေသောကြောင့်၄င်း၊ ထိုအကြောင်းများမှာ၊ ပြစ်မှုကိုဟန့်တား လောက်သောပြစ်ဒဏ်များ ချမှတ်နိုင်သည့် အကြောင်းများဖြစ်နိုင်သည်။ သို့သော်လည်း ထိုသို့သော အမှု များ၌ပင်လျှင်၊ပြစ်ဒဏ်ကို ဆုံးဖြတ်သတ်မှတ်ရာ၌၊ ပြစ်မှုကျူးလွန်သူ၏ အသက်အရွယ်နှင့် ရှေးယခင် အတ္တုပ္ပတ္တိ စသည့်အခြားအကြောင်းအရာခြင်းများကို ထောက်ထားဆင်ခြင်ရမည်။ ထို့ပြင် ထိုသို့သော အမှုများကို၊ တောထဲ၌ အစဉ်သဖြင့် စားကျက်ချထား၍၊ အနည်းငယ်မျှ ထိုက်တန်၊ အနည်းငယ်မျှ အသုံး ဝင်သည့် တိရစ္ဆာန်များကို ရှောင်တခွင်ခိုးယူမှုမှ ထင်ရှားပျက်သားစွာခွဲခြားရမည်။ ဤအမှုများတွင် ကား သာမန်အားဖြင့် ဟန့်တားလောက်သော ပြစ်ဒဏ်များ ချမှတ်ရန်အကြောင်းမရှိချေ။ မောင်ဘိုးငြိမ်း နှင့် အစိုးရအောက်မြန်မာပြည် စီရင်ထုံး အတွဲ ၉ ၊ စာမျက်နှာ ၁၆၇ ပါ စီရင်ထုံးကို ရာဇဝတ်တရားသူကြီး တို့က ဂရုပြုကြစေလိုသည်။ထိုအမှုတွင် လေခိုးမှုနှင့် နွားခိုးမှုမျုား၌ ပြစ်ဒဏ်ကို ဆုံးဖြတ်သတ်မှတ်ရာ၌ လိုက်နာရမည့်သဘောတရားများကို ဖော်ပြထားသည်။ ယခင်ပြစ်မှုထင်ရှားစီရင်ခြင်းကြောင့် ပြစ်ဒဏ်တိုးမြှင့်သည့်အချက်နှင့် စပ်လျဉ်း၍ ထိုစီရင်ချက်ပါ မှတ်ချက်များကိုလည်း ဂရုပြုကြရန် နှိုးဆော်လိုက်သည်။
ပြစ်ဒဏ်ကိုဆုံးဖြတ်သတ်မှတ်ခြင်းနှင့်အကျဉ်းသားများကို အမျိုးစားခွဲခြားခြင်း။
၆၉၂။
(၁) တရားခံကိုအပြစ်ရှိကြောင်း ကောက်ယူဆုံးဖြတ်ပြီး ဖြစ်သည့်အခါ သင့်တော်သော ပြစ်ဒဏ်ကို ဆုံးဖြတ်သတ်မှတ်ရာ၌ တရားရုံးအား ကူညီစေရန်အလို့ငှာ တရားခံ၏ အကျင့်စာရိတ္တနှင့် စပ်လျဉ်းသည့် ဖော်ပြချက်များကို လက်ခံခြင်းနှင့်ပတ်သက်၍ အစိုးရနှင့် မောင်ဘရှိန် (ရန်ကုန် စီရင်ထုံး အတွဲ ၆ စာမျက်နှာ ၃၉၁ ) အမှု၏ စီရင်ချက်ပါ ဝေဖန်ချက်များကို ဂရုပြုကြရန်နှိုးဆော်လိုက်သည်။ ထိုဝေဖန်ချက်များမှာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးဖြစ်သူကို “အမြဲပြစ်မှုကျူးလွန်တက်သူ” သို့တည်း မဟုတ် “အမြဲပြစ်မှုကျူးလွန်တက်သူမဟုတ်” ဟူ၍ အမျိုးစားကွဲခြားသည့်အချက်တွင် အလားတူ သက်ဆိုင်သည်။ (၂) အောက်စာရင်းတွင်ဖော်ပြပါရှိသည့် အပြစ်တခုခုကျူးလွန်ကြောင်း စွဲဆိုချက်နှင့် လူတဦးကို စစ် ဆေးစီရင်ရန်တင်ပို့သော အမှုအရပ်ရပ်တို့၌ နောင်အခါတွင် အမှုမေးမြန်းစုံထောက်သူအရာရှိက သို့တည်း မဟုတ် ၄င်းကလွှဲအပ်ခိုင်းစေသူ အရာရှိက မိမိကိုယ်တိုင်သိရှိသည့်အချက်များမှ၄င်း၊ တရားခံ ၏နောက်ကြောင်းအတ္ထုပ္ပတ္တိကို သိရှိတန်ရသော သူကြီးများနှင့် အခြားသူများထံမှ စုံစမ်းမေးမြန်းရာ၌ ၄င်း၊ တရားခံ၏အတ္တုပ္ပတ္တိအတိုချုပ်ကို စုဆောင်းပြုစုထားရမည်။ ထိုအတ္ထုပ္ပတ္တိမှာ တရားခံသည် ရာဇဝတ်မှုကျူးလွန်သည့် အလေ့အထရှိသူဖြစ်ကြောင်း ဖော်ပြစေနိုင်သည့် အကြောင်းအရာများကို ရည်ညွှန်းသည့် အချက်များပါရှိစေရမည်။ ထိုအတ္ထုပ္ပတ္တိ၌ တရားခံပြစ်မှုထင်ရှား စီရင်ခြင်းခံရဖူးသည့် သို့တည်းမဟုတ် မသင်္ကာခြင်းခံရဖူးသည့် ပြစ်မှုများကို ၄င်းတို့မှာ ကြီးလေးသည့် သို့တည်းမဟုတ် သေးငယ်သည်ဟူသော အသေးစိတ်အကြောင်းအချက်များနှင့်တကွ ကျူးလွန်သည့်နေ့ ရက်များနှင့် မည်သည့်အတွက် မသင်္ကာစဖွယ်ဖြစ်သည့် အကြောင်းပြချက်များကိုပါ ထည့်သွင်းဖော်ပြရ မည်။ တရားခံမှာ လူဆိုးများနှင့် ပေါင်းသင်းခြင်းရှိမရှိ ထို့အပြင် သိုတည်းမဟုတ် ထိုလူဆိုးများက ၄င်းအား မကောင်းရာသို့ သွေးဆောင်ခဲ့ခြင်းရှိမရှိ ထိုသီးခြားပြစ်မှုများမှ ရပ်ကွက်ဒေသများတွင် ပြန့်နှံ့ ပေါများခြင်းရှိမရှိတို့ကိုလည်း ဖော်ပြရမည်။ အဆိုပါအတ္ထုပ္ပတ္တိမှာ တရားခံသည် ယခင်က အကျင့်စာရိတ္တ ကောင်းကြောင်း တရားခံ၏ ကိုယ်စိတ်ကျန်းမာရေးအခြေအနေမှစ၍ တရားခံအတွက် အကျိုးပြုမည့် အချက်အလက် သို့တည်းမဟုတ် ကြောင်းခြင်းရာများကိုလည်း ဖော်ပြရမည်။ အတ္ထုပ္ပတ္တိမှာ အစိုးရအမှု လိုက်ရှေ့နေ သို့တည်းမဟုတ် ရုံးအမှုလိုက်အရာရှိ၏လက်တွင် ရှိနေစေရမည်။ (၃) စစ်ဆေးစီရင်ခြင်းအပြီးတွင် တရားခံကို ပြစ်မှုထင်ရှားစီရင်ခြင်းဖြင့် အမှုပြီးဆုံးသောအခါ စီရင် ချက်ကို ရေးသားပြီးနောက် မြွက်ကြားခြင်းမရှိမပြုဘဲ သို့တည်းမဟုတ် ပြစ်ဒဏ်စီရင်ချက်ကို ချမှတ်ခြင်း မပြုမီ စက်ရှင်တရားသူကြီးသို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးက ပြစ်ဒဏ်ကို ဆုံးဖြတ်သတ်မှတ် ရာ၌ ထို့အပြင် သို့တည်းမဟုတ် တရားခံကို “အမြဲကျူးလွန်သူ” သို့တည်းမဟုတ် “အမြဲကျူးလွန်သူ မဟုတ်”ဟူ၍ အမျိုးအစားခွဲခြားရာ၌ ကူညီရရှိစေရန် တရားခံ၏ အကြောင်းအရာအတ္တုပ္ပတ္တိတွင် တရားရုံးသို့ လျှောက်ထားတင်ပြရန် လုံလောက်စွာအရေးကြီး အချက်တစုံတရာ ရှိမရှိဟု အကြောင်းကို အစိုးရအမှုလိုက်ရှေ့နေ သို့တည်းမဟုတ် ရုံးအမှုလိုက်အရာရှိအား မေးမြန်းရမည်။ ရှိသည်ဟု ပြန်ကြားလျှင် အကြောင်းအရာအတ္ထုပ္ပတ္တိကို စီစဉ်ရေးသားသော ရဲအရာရှိအား ကျမ်းကျိန်ဆိုစေ၍ သို့တည်းမဟုတ် ဂတိသစ္စာပြုစေ၍ ထိုအတ္ထုပ္ပတ္တိတွင် ဖော်ပြပါရှိသည့် အကြောင်းအရာများနှင့် စပ်လျဉ်း ၍ တရားခံ၏ ရှေ့မှောက်တွင်စစ်မေးရမည်။ ထိုရဲအရာရှိ၏ ထွက်ဆိုချက်အကျဉ်းချုပ်ကို ရေးမှတ်ထား ရမည်။ စက်ရှင်တရားသူကြီး သို့တည်းမဟုတ် ရာဇဝတ်တ်ရားသူကြီးသည် ထိုအကြောင်းအရာ အတ္ထုပ္ပတ္တိကို တောင်းခေါ်၍ ဖက်ရှုနိုင်သည်။ သို့ရာတွင် ထိုအတ္ထုပ္ပတ္တိတွင် ဖော်ပြပါရှိသည့် အကြောင်း အရာများကို စီစဉ်ရေးသားသော အရာရှိက တရားခံရှေ့တွင် ကျမ်းကျိန်ထွက််ဆို၍ မပြုသမျှ ထိုအကြောင်းအရာများကို စဉ်းစားဆင်ခြင်ခြင်းမပြုနိုင်။ ထိုအရာရှိသည် မည်သည့်အကြောင်းအရာများ ကို မိမိကိုယ်တိုင်သိရှိ၍ မည်သည့်အကြောင်းအရာများကို စုံစမ်းစစ်ဆေးမေးမြန်းခြင်းဖြင့် သိရှိရသည်ကို ဖော်ထုတ်ပြောဆိုရမည်။ အကြောင်းအရာအတ္တုပ္ပတ္တိမှန်ကန်ကြောင်းကို တရားခံက မကန့်ကွက်လျှင် တရားရုံးသည် အတ္ထုပ္ပတ္တိ၏ အချို့အပိုင်းများမှာ တဆင့်ကြား စကားပင်ဖြစ်စေကာမူ ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ ထို့အပြင် သို့တည်းမဟုတ် အမျိုးအစားခွဲခြားခြင်းနှင့် စပ်လျဉ်း၍ ထိုအတ္ထုပ္ပတ္တိကို ထောက်ထားဆင်ခြင်ခွင့်ရှိသည်။ ထွက်ဆိုထားသည့် အကြောင်းအချက်တခုခုကို တရားခံက ငြင်းကွယ် လျှင် ထိုအကြောင်းအချက်ကို စဉ်းစားဆင်ခြင်ခြင်းမပြုဘဲ ချန်လှပ်ထားရမည်။ သို့တည်းမဟုတ် စက်ရှင် တရားသူကြီးသို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးက ထိုအကြောင်းအချက်မှာ တရားလိုဘက်မှ ထင်ရှားအောင် ပြုလုပ်နိုင်ရန် အမှုကို ရွေ့ဆိုင်းနိုင်လောက်အောင် အရေးကြီးသည်ဟု ထင်မြင်လျှင် သက်သေများခေါ်ယူ၍ တရားလိုဘက်မှ တရားဝင်သက်သေခံချက်ဖြင့် ထိုအကြောင်းအချက်ကို ထင်ရှား အောင်ပြုလုပ်နိုင်စေရန် အမှုကိုရွေ့ဆိုင်းလိုက်ရမည်။ (၄) တရားခံ၏အကြောင်းအရာအတ္တုပ္ပတ္တိနှင့် စပ်လျဉ်း၍ သက်သေခံရန် ဆင့်ခေါ်သည့် သက်သေ များ၏ထွက်ဆိုချက်များကို တရားခံဘက် နှုတ်သက်သေခံချက် သို့တည်းမဟုတ် စာသက်သေခံ ရှိလျှင် ထိုစာသက်သေခံနောက်၌ ကပ်လျက် အမှုတွဲတွင် တွဲထားရမည်။ (၅) အချို့သောအမှုများတွင် အကြောင်းအရာအတ္ထုပ္ပတ္တိ၌ ဖော်ပြထားသည့် အရေးကြီးသော အကြောင်းအရာမှာ တရားခံ၏ ယခင်ပြစ်ချက်ဟောင်းများသာ ဖြစ်နိုင်သည်။ ထိုသို့အချက်များတွင် တရားသူကြီး သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးသည် အကြောင်းအရာအတ္ထုပ္ပတ္တိ ကို စုဆောင်း စီစဉ်သည်။ အရာရှိကို စစ်ဆေးမည့်အစား ကျူးလွန်သည့်ပြစ်မှုများမှာ မည်သည့််အမျိုးအစား ဖြစ်သည်ကို သိရှိစေရန် အလို့ငှာ ယခင်က တရားခံပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် အမှုများ၏ အမှုတွဲ များကို တောင်းခေါ်၍ ဖက်ရှုရမည်။ (၆) အထက်ပါညွှန်ကြားချက်များကို မည်သို့ပင်ရှိစေကာမူ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် တရားခံ တဦးတယောက်သည် ယခင်ပြစ်ချက်ဟောင်း သို့တည်းမဟုတ် ပြစ်ချက်ဟောင်းများရှိသည်ဟု ဆိုသည့် အမှုတိုင်းတွင် အဆိုပါ ပြစ်ချက်ဟောင်းများကို အစဉ်သဖြင့် သာမန်နည်းလမ်းအတိုင်း တရားစီရင်ရေး အရထင်ရှားအောင် ပြုလုပ်ရမည်။ (အထက်စာပိုဒ် ၆၄၇ မှ ၆၅၂ ထိ တို့ကိုကြည့်) စာရင်း (၁)။ ရာဇသတ်ကြီး။ ။ ပုဒ်မ ၁၀၂၊ ၂၁၁၊ ၂၁၅ (ကျွဲနွားများ) ၂၁၆-က ၊ ၂၃၁-၂၄၀ ၂၄၂-၂၅၃ ၊ ၂၅၅-၂၆၃၊ ၃၁၁၊၃၂၀၊၃၆၃ - ၃၆၉ ၊ ၃၇၉-၃၈၂၊ ၃၈၄၊ ၃၈၆-၃၈၉ ၊ ၃၉၂-၄၀၂၊ ၄၀၃(ကျွဲနွားများ) ၊ ၄၀၄၊၄၀၆-၄၀၉၊ ၄၁၁-၄၁၄၊ ၄၁၈-၄၂၀၊ ၄၂၉-၄၃၃၊ ၄၃၅-၄၄၀၊ ၄၄၉-၄၅၀၊ ၄၅၄-၄၆၂၊ ၄၈၉-က -၄၈၉-ဃ။ လက်နက်အက်ဥပဒေ။ ။ ပုဒ်မ ၁၉၊၂၀ ရန်ကုန်မြို့ရဲအက်ဥပဒေ။ ပုဒ်မ ၃၁ မြန်မာနိုင်ငံ လောင်းတမ်းကစားခြင်း အက်ဥပဒေ ။ ပုဒ်မ ၁၂ (၂) အထက်ပါပြစ်မှုတခုခုကို ကျူးလွန်ရန်အားထုတ်ခြင်း (၃)။ ရာဇသတ်ကြီးအခန်း ၁၆ အရ ပြစ်မှုများ လူကိုယ်ကိုထိခိုက်သည့် ပြစ်မှုများကို တရားခံကကျူး လွန်လေ့ရှိကြောင်း ယုံကြည်ရန် အကြောင်းရှိသောအခါ ။
ပြင်းထန်သောပြစ်ဒဏ်များချမှတ်သည့်အကြောင်းပြချက်များ။
၆၉၃။
အထူးပြင်းထန်သော ပြစ်ဒဏ်များကို မည်သည့်အတွက် ချမှတ်ရကြောင်း အကြောင်းပြချက်များ ကို အမှုမှတ်တမ်းတွင် ဖော်ပြရမည်။ အထူးသဖြင့် ဘိန်းအက်ဥပဒေနှင့် ယစ်မျိုးအက်ဥပဒေ အစရှိသည့် အက်ဥပဒေများဖြစ်သည့် အချက်တွင် ရပ်ကွက်ဒေသအခြေအနေများကိုထောက်၍ အထူးပြင်းဒဏ်သော ပြစ်ဒဏ်များကို ချမှတ်ရန် ကောင်းမွန်သော အကြောင်းယုတ္တိ ဖြစ်နိုင်သော်လည်း ထိုအကြောင်းအချက် တို့ကို ရှင်းလင်းဖော်ပြရမည်။
သစ်ခိုးမှုများ၌ ပြစ်ဒဏ်စီရင်ချက်များ
၆၉၄။
ခိုးယူသည့်သစ်ကို ရောင်းချ၍ရသော အမြတ်ငွေများသည် တပ်ရိုက်သည့်ဒဏ်ငွေထက် များစွာဘ ပိုလွန်မည်ဖြစ်ကြောင်း ထင်ရှားသော သစ်ခိုးမှုများ၌ အထူးအားဖြင့် သစ်ခိုးမှုပေါများသော ခရိုင်များတွင် ထိုကဲ့သို့ပြစ်မှုများအတွက် ချမှတ်သည့်ပြစ်ဒဏ်မှာ ပြစ်မှုကိုဟန့်တားရန် လုံလောက်သော ပြစ်ဒဏ်မျိုး ဖြစ်စေရန် ရာဇဝတ်တရားသူကြီးတို့သို့ ညွှန်ကြားလိုက်သည်။
သနားညှာတာရန်ထောက်ခံချက်များ။
၆၉၅။
ရာဇဝတ်မှုတွင် စီရင်ချက်ချမှတ်ရာ၌ဖြစ်စေ အယူခံအမိန့်ချမှတ်ရန်၌ဖြစ်စေ သနားညှာတာရန် ထောက်ခံချက်ပြုသည့်အခါ ထိုထောက်ခံချက်ကို နိုင်ငံတော်တရားရုံးချုပ်မှတဆင့် တော်လှန်ရေး ကောင်စီဥက္ကဋ္ဌထံ သိသာစေရန် တိုက်ရိုက်အကြောင်းကြားရမည်။
ပထမအကြိမ် ပြစ်မှုကျူးလွန်သူတို့ကို လွှတ်ခြင်
ပုဒ်မ ၅၆၂ အရ အခွင့်အာဏာအပ်နှင်းထားသည့်ရာဇဝတ်တရားသူကြီးများ
၆၉၆။
နယ်ပိုင်ရာဇဝတ်တရားသူကြီးတို့သည် ဒုတိယတန်းရာဇဝတ်တရားသူကြီးများပင် ဖြစ်လင့် ကစား အထူးအားဖြင့် အခွင့်အာဏာပေးအပ်ခြင်း မရှိဘဲလျက် ပုဒ်မ ၅၆၂ အရ စီရင်ခွင့်အာဏာ ရရှိသည်။ အခြားသောဒုတိယတန်း ရာဇဝတ်တရားသူကြီးများသည် ၄င်းအာဏာ ပေးအပ်ထားခြင်း မရှိလျှင် ထို့အပြင် တတိယတန်းရာဇဝတ်တရားသူကြီးတို့သည် ပုဒ်မ ၅၆၂ ပုဒ်မခွဲ(၁)အရ ဆောင်ရွက် ခြင်းမပြုနိုင်ချေ။အထူးအားဖြင့် အခွင့်အာဏာအပ်နှင်းခြင်းမရှိသည့် ဒုတိယတန်းရာဇဝတ်တရားသူကြီး ကဖြစ်စေ တတိယတန်းရာဇဝတ်တရားသူကြီးကဖြစ်စေ ပုဒ်မ ၅၆၂ ပုဒ်မခွဲ(၁)အရ အပ်နှင်းသည့် အခွင့်အာဏာများကို သုံးစွဲသင့်သည်ဟု ထင်မြင်သဘောရှိသောအခါ ထိုရာဇဝတ်တရားသူကြီးသည် ပုဒ်မခွဲ(၁)ပါ ခြွင်းချက်အရ ဆောင်ရွက်၍ နယ်ပိုင်ရာဇဝတ်တရားသူကြီးထံဖြစ်စေ ပထမရာဇဝတ်တရား သူကြီးထံသို့ဖြစ်စေ အမှုတွဲကိုတင်ပို့ရမည်။ ၅၆၂(၁)
အစမ်းသဘောဖြင့်လွှတ်ထားခြင်း။
၆၉၇။
(က) အသက်(၂၁)နှစ်အောက် ယောက်ျားများနှင့် မည်သည့်အသက်အရွယ်မဆို ရှိသည့်မိန်းမ တို့ကို သေဒဏ် သို့တည်းမဟုတ် တသက်တကျွန်း ပို့ဒဏ်ထိုက်သော ပြစ်မှုများမှတပါး အခြားမည်သည့် ပြစ်မှုနှင့်မဆို ပြစ်ဒဏ်ထင်ရှားစီရင်သည့်အချက်တွင် တရားခံကို အချို့သောအကြောင်းအရာများအရ ကောင်းစွာကျင့်ဆောင်နေထိုင်စေရန် အစမ်းသဘောဖြင့် လွှတ်ထားနိုင်သည်။ (ခ) အပြစ်လျော့ပေါ့စေသော အကြောင်းခြင်းရာများအရ သေးငယ်သော ပြစ်မှုများနှင့် ပြစ်မှုထင် ရှားစီရင်ခြင်းခံရသည့် ငယ်ရွယ်သော ပြစ်မှုကျူးလွန်သူနှင့်သာ အဆိုပါပုဒ်မသည် သက်ဆိုင်သည် မဟုတ်ချေ။ စဉ်းစားဆင်ခြင်ရန် အရေးကြီးဆုံးအချက်များမှာ တရားခံသည် ပထမအကြိမ် ပြစ်မှုကျူး လွန်သူဖြစ်သည့်အချက်နှင့် တရားခံ၏နောက်ကြောင်းများပင်ဖြစ်သည်။ ပုဒ်မ ၅၆၂ ကို သုံးစွဲ သက်ဆိုင်စေရာ၌ ရာဇဝတ်တရားသူကြီးများ လိုက်နာရန်အလို့ငှာ အောက်ပါ ယေဘုယျသဘောတရားများကို ပြဌာန်းလိုက်သည်။ (၁) ပြစ်မှုကျူးလွန်သူသည် ထိုအခိုက်အခါထိ အကျင့်စာရိတ္တကောင်းသူဖြစ်လျှင် ၄င်းအချက်ကို စုံစမ်းရန်ဖြစ်သည်။ ထို့ပြင် ပြစ်မှုသည်လည်း သေငယ်၍ ရာဇဝတ်မကင်းသော စိတ်နေစိတ်ထားရှိ ကြောင်းထင်ရှားစေသည့် လက္ခဏာမပြလျှင် လုပ်ရိုးလုပ်စဉ်ထုံးနည်းမှာ ထိုပြစ်မှုကျူးလွန်သူကို ပုဒ်မ ၅၆၂ အရ အစမ်းသဘောဖြင့် လွတ်ထားရမည်ပင်ဖြစ်သည်။ ထိုသို့သောအချက်တွင် ပြစ်မှုကျူးလွန်သူကို ရာဇဝတ်တရားသူကြီးက ဆိုခဲ့သည့်အတိုင်း မလွှတ်လျှင် မည်သည့်အတွက် မလွှတ်ကြောင်းကို စုံလင် စွာ အကြောင်းပြရမည်။ (၂) အထက်ဆိုခဲ့သည့်အတိုင်း (ယခင်က အကျင့်စာရိတ္တကောင်းခြင်း စသည့် )အကြောင်းခြင်းရာများ မရှိသည့်အချက်တွင် ရာဇဝတ်တရားသူကြီးသည် ပုဒ်မ ၅၆၂ ကို သုံးစွဲနိုင်ခွင့်ပင် ရှိသေးသော်လည်း အကြောင်းခြင်းရာတို့ကို သတိနှင့်ဆင်ခြင်စဉ်းစားလျက် ထိုပုဒ်မပါ ပြဌာန်းချက်များကို ဂရုပြုစစ်ဆေး ကြည့်ရှုပြီးမှသာလျှင် သုံးစွဲရမည်။ ထိုသို့သော အမှုကိစ္စများတွင် ပြစ်မှုကျူးလွန်သူကိုအစမ်းသဘောဖြင့် ရာဇဝတ်တရားသူကြီးက မည်သည့်အတွက် လွှတ်သည့်အကြောင်းပြချက်များကို စုံလင်စွာ ဖော်ပြရမည်။
အစမ်းသဘောဖြင့် လွှတ်ထားသည့်ကာလ အပိုင်းအခြား ခံဝန်သူများ
၆၉၈။
တရားခံကို သုံးနှစ်ထက်မပိုသော မည်သည့်ကာလအပိုင်းအခြားအတွက် မဆို ခံဝန်ချုပ် ချုပ်ဆို နိုင်သည်။ ခံဝန်သူများ တောင်းဆိုလျှင် ခံဝန်သူများသည် ပစ္စည်းဥစ္စာအခြေအနေလုံလောက်၍ တရားခံအပေါ်၌ အစဉ်မပြတ် ဩဇာကောင်းစွာ ပေးနိုင်သူဖြစ်ကြောင်း ဂရုပြုကြည့်ရှုရမည်။
ပြစ်ဒဏ်စီရင်ချက်များကို အတည်ပြုဆောင်ရွက်ခြင်း
ဆုံးမသွန်သင်၍ လွှတ်ခြင်း
၆၉၉။
ယခင်ပြစ်မှုထင်ရှားစီရင်ချက်မရှိကြောင်း ထင်ရှားသည့် ပြစ်မှုကျူးလွန်သူကို အချို့ပြစ်မှုများ အတွက် ထိုက်သင့်သည့်အားလျော်စွာ ဆုံးမသွန်သင်၍ လွှတ်ရန် ပုဒ်မ ၅၆၂ ၊ပုဒ်မခွဲ (၁-က) က ပြဌာန်း ထားသည် ထိုပုဒ်မခွဲတွင် သီးခြားဖော်ပြထားသည့် ပြစ်မှုများဖြစ်သည့် အချက်၌သာလျှင် ထိုပုဒ်မခွဲအရ အမိန့်များချမှတ်နိုင်ကြောင်းကို မှတ်သားရမည်။ ထိုပုဒ်မခွဲကို သုံးစွဲသက်ဆိုင်စေခြင်း မပြုမီ စဉ်းစား ဆင်ခြင်ရန်အရေးကြီးဆုံးသော အချက်များမှာ တရားခံ အသက်ငယ်ရွယ်ခြင်းသို့တည်းမဟုတ် စိတ် သဘောထားမပြည့်ဝခြင်း၊ တရားခံ၏နောက်ကြောင်းနှင့် ပြစ်မှုသေးငယ်ခြင်းတို့ပင်ဖြစ်သည်။ ခပ်သိမ်း သောရာဇဝတ်တရားသူကြီးတို့သည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၆၂ ၏ ပုဒ်မခွဲ (၁-က)အရ ဆောင်ရွက်နိုင်၍ ပထမအကြိမ် ပြစ်မှုကျူးလွန်သူတို့ကို ထိုက်သင့်သည့်အလျောက် ဆုံးမသွန်သင်၍ လွှတ်နိုင်သည်။ ၅၆၂။(၁-က)
ထောင်ဒဏ်စီရင်ချက်များ
၇၀၀။
စွဲဆိုခံရသူ တရားခံအပေါ်၌ ထောင်ဒဏ်ချမှတ်သည့် တရားရုံးသည် ထိုတရားခံကို အကျဉ်းချ ထားမည့် အကျဉ်းထောင်သို့ ထောင်ပို့ဝါရမ်းနှင့်အတူတကွ ချက်ခြင်းပို့ရမည်ဟု ပြဌာန်းထားသည်။ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၈၃ ကို ဂရုပြုကြရန် ရာဇဝတ်တရားသူကြီးများအား နိုးဆော်လိုက်သည်။ ရက်အနည်းငယ်မျှထက်မပိုသော ကာလများအတွက် အကျဉ်းချထားရန် စီရင်ခြင်းခံရသော အကျဉ်း သားများကို အစောင့်အကြပ်နှင့် လွှဲပြောင်းပေးပို့ခြင်းမှာ မကုန်သင့်ဘဲ စရိတ်ကုန်ကျစေခြင်း မဖြစ်သင့် ဘဲကတိကအောက် ဖြစ်စေခြင်းဖြစ်သဖြင့် အကျဉ်းထောင်များမရှိသည့် အရပ်ဒေသများရှိ ရာဇဝတ် တရားသူကြီးတို့သည် ဤအကြောင်းကိုထောက်၍ အခြားသင့်လျော်သည့် ပြစ်ဒဏ်စီရင်နိုင်သည့် အချက်တွင် တိုတောင်းသော ထောင်ဒဏ်များကို မချမှတ်ဘဲ ရှောင်ကြဉ်ရမည်။ အထူး သဖြင့် ငွေဒဏ် မပေးဆောင် ပျက်ကွက်သည့်အတွက် ထောင်ဒဏ်စီရင်၍ တခါတရံ ထိုသို့သော ထောင်ဒဏ်ကို မစီရင်ဘဲ မဖြစ်နိုင်သောအခါ အကျဉ်းသားမှာ အကျဉ်းထောင်တွင် မိမိ၏ပြစ်ဒဏ် တစိတ်တဒေသကိုမျှ ခံနိုင်ရန် ထောင်သို့ အချိန်မီမရောက်နိုင်သည့် အခါတွင်မှ ထောင်သို့တပါး ထိုအကျဉ်းသားကို လွှဲရှောင်နိုင်သည့် နှောင်းနှေးကြန့်ကြာခြင်းမရှိစေဘဲ အကျဉ်းထောင်သို့ပို့ရမည်။ အကျဉ်းထောင်သို့ အချိန်မီ မရောက် နိုင်သည့်အချက်တွင် ထိုအကျဉ်းသားကို ရဲအချုပ်တွင် မလွှဲမရှောင်သာဘဲ ချုပ်ထားရပေမည်။ ၃၈၃။
တရားခံတဦးတည်းအပေါ်တွင် ဒုတိယအမှုပြီးစီးသည့်တိုင်အောင် စီရင်ချက်ကို ရွေ့ဆိုင်းထားခြင်း။
၇၀၁။
ထောင်ဒဏ်စီရင်ခြင်း ခံရပြီးသူကို အရပ်ဒေသတခုတည်း၌ အခြားတမှုတွင် စစ်ဆေးစီရင်ခြင်းခံ ရန် သော်၄င်း၊ အခြားတမှုတွင် ရဲမေးမြန်းစုံထောက်မှုနှင့် စပ်လျဉ်း၍ ထိုသူရှိနေစေလိုသောကြောင့် သော်၄င်း၊ ရဲအချုပ်တွင် ကာလအတန်ကြာ ထားရှိခဲ့သော အမှုများ ရံဖန်ရံခါ တွေ့ရှိရဖူးလေသည်။ ထိသို့ ပြုလုပ်သည့် နည်းလမ်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၈၃ ကို ဆန့်ကျင်ရုံမျှမက အကျဉ်းသားအား ပထမအမှုတွင် ၄င်းအပေါ်၌ ပြစ်ဒဏ်စီရင်ချက်ကို စည်းကမ်းသတ်ကာလ မကုန်မီ အယူခံနိုင်စေရန် လွယ်ကူမှုအခွင့်အလမ်းများကိုပါ ဆုံးရှုံးစေခြင်းဖြင့်အထူးနစ်နာ စေနိုင်သည်။ အကျဉ်းသားကို အကျဉ်း ချထားရာဖြစ်သော အကျဉ်းထောင်တည်ရှိသော အရပ်ဒေသ၌ ဒုတိယအမှုတွင် စစ်ဆေးစီရင်ခြင်း ခံစေ ရန်လိုသည်။ အကျဉ်းသားဖြစ်သည့်အချက်၌ လိုက်နာဆောင်ရွက်ရန် သင့်လျော်မှန်ကန်သော နည်းလမ်း မှာ အကျဉ်းသားများ အက်ဥပဒေပုဒ်မ ၁၃၇ အရ ထောင်တာဝန်ခံ အရာရှိထံသို့ အကျဉ်းသား တင်ပို့ရန် အမိန့် ရာဇဝတ်ပုံစံ ၅၄ ကို ပေးပို့ရမည်ဖြစ်သည်။ သို့သော်လည်း ထိုပုဒ်မသည် ရဲကမေးမြန်းစုံထောက် ရန်အလို့ငှာ အကျဉ်းသားကို တင်ပို့စေရန် ရည်ရွယ်ဟန်မရှိချေ။ ထို့အပြင် အကျဉ်းထောင်မရှိသည့် အရပ်ဒေသ၌ ရှိသောတရားရုံးဖြစ်သည့် အချက်တွင် အထက်ရည်ညွှန်းရာပါ ထုံးနည်းများမှာ ကသိက အောက်ဖြစ်စေနိုင်သည်။ အကျဉ်းထောင်မရှိသည့်အရပ်ဒေသ၌ စစ်ဆေးစီရင်မှုပြီးဆုံး၍ ရာဇဝတ်တရား သူကြီးက ပြစ်မှုထင်ရှားစီရင်ရန်နှင့် ထောင်ဒဏ်အဖြစ် တကျွန်းပို့ဒဏ်ဖြစ်စေ ချမှတ်ရန် စိတ်ပိုင်းဖြတ် ထားသည့်အခါ ထိုဒေသ၌ပင် အခြားတမှုတွင် တရားခံကို စစ်ဆေးစီရင်ခြင်း ခံရန်သော်၄င်း၊ ရဲက မေးမြန်းစုံထောက်ရန်အတွက်သော်၄င်း၊ အလိုရှိမှု ပထမအမှုတွင် စီရင်ချက်မရှိဘဲ ရွှေ့ဆိုင်းထားခြင်း မှာ၄င်းအမှုကို ဆုံးဖြတ်ရာ၌ အလွန်ကြာရှည်စွာ နှောင့်နှေးကြန့်ကြာခြင်း ဖြစ်တန်ရာသည်မဟုတ်လျှင် ထိုအမှုကို စစ်ဆေးပြီးသည့်တိုင်အောင် ပထမအမှုတွင် စီရင်ချက်ချမှတ်ခြင်းကို ရွှေ့ဆိုင်းထားရမည်။
ဝါရမ်းစာများ
၇၀၂။
ထောင်ပိုင်ဝန်သို့ထံ ညွှန်ကြားသည့် ထောင်ချဝါရမ်းစာများနှင့် နယ်ပိုင်နယ် သို့တည်းမဟုတ် မြို့နယ်ရှိ အကျဉ်းထောင်ကြီးကြပ်အုပ်ချုပ်သူထံ ညွှန်ကြားသည့် ဝါရမ်းစာများကို မြန်မာဘာသာဖြင့် ရေးသားရမည်။ ရဲအချုပ်ထောင်တွင် ချုပ်ထားစေရန် စီရင်ခြင်းသည် တရားဥပဒေနှင့်မညီဖြစ်သည်။ (အောက်မြန်မာပြည်စီရင်ထုံး အတွဲ ၇ စာမျက်နှာ ၆၂ )
ထောင်ဒဏ်အမျိုးအစားကို သီးခြားဖော်ပြရခြင်း။
၇၀၃။
ဝါရမ်းစာတိုက်တွင် ထောင်ဒဏ်အမျိုးအစားကို အလုပ်မဲ့သို့တည်းမဟုတ် အလုပ်ကြမ်းဟူ၍ ပြည့်စုံသီးခြားဖော်ပြရမည်။ ဤအချက်ကိုဖော်ပြရန် “S” နှင့် “R” ဟူသည့် စာအက္ခရာများကို မသုံးရန် တားမြစ်သည်။
၇၀၄။
ရာဇဝတ်တရားရုံးက ထုတ်ဆင့်သော ထောင်ချဝါရမ်းစာ သို့တည်းမဟုတ် ထောင်မှလွှတ်သည့် ဝါရမ်းစာတိုင်းတွင် ထိုဝါရမ်းစာထုတ်သော အမှု၏ နံပါတ်ကို ရေးသွင်းရမည်။
၇၀၅။
အကျဉ်းချုပ်စီရင်သည့်အမှုတွင် ထောင်ဒဏ်ချမှတ်သည့်အခါ ထောင်ပို့ဝါရမ်းစာ အထက်ပိုင်း၌ “ရာဇဝတ်အကျဉ်းချုပ်စစ်ဆေးစီရင်မှု နံပါတ် --------’’ ဟူသည့်စကားများကိုတရားရုံးကရေးမှတ် ရမည်။ ထို့ပြင်အမှုသည် ရာဇဝတ်ကြီးမှု မဟုတ်လျှင် ဝါရမ်းစာတွင် “အသေးမှုဟု” ရေးသွင်းရမည်။
ပုဒ်မ ၅၆၅ အရ ချမှတ်သောအမိန့်ကို ဝါရမ်းစာတွင်ရေးသွင်းခြင်း။
၇၀၆။
ပုဒ်မ ၅၆၅ အရ ချမှတ်သောအမိန့်ကို ဝါရမ်းစာပေါ်တွင် ရေးသွင်းဖော်ပြရမည်။ (စာပိုဒ် ၃၉၂ ) ကိုကြည့်။ ၅၆၅။
အစဉ်လိုက်သောဖြစ်သော ပြစ်ဒဏ်စီရင်ချက်များ။
၇၀၇။
ထောင်ဒဏ်ခံလျက် ရှိနှင့်ပြီး ဖြစ်သူအပေါ်၌ ထောင်ဒဏ်တရပ်ချမှတ်သောအခါ နောက်ချမှတ် သည့်ထောင်ဒဏ်မှာ အထက်ကချမှတ်ထားသည့် ထောင်ဒဏ်နှင့်တပြိုင်တည်း ကျစေရမည်ဟု တရားရုံး ကဆင့်ဆိုသည်မဟုတ်လျှင် ထောင်ဒဏ်ကာလ အသစ်မှာ ထိုသူခံနေဆဲဖြစ်သော ထောင်ဒဏ်ကာလ ကုန်စေ့ပြီးမှ အစပြုရမည်။ သို့ဖြစ်၍ တရားခံတဦးတည်းနှင့် စပ်လျဉ်း၍ ထုပ်ဆင့်သော နောက်ဝါရမ်းစာ အသီးသီးတွင် “ ယခင်အမှုနံပါတ်……….ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက် ( နှင့် တပြိုင်နက်တည်း သို့တည်းမဟုတ်) စေ့ကုန်ပြီးမှ အစပြုရန်” ဟု ရှင်းလင်းပြတ်သားစွာခေါင်းစဉ်တပ်လိုက်ရမည်။
ပြန်၍ စစ်ဆေးစီရင်ရာ၌ ချမှတ်သည့် စီရင်ချက်။
၇၀၈။
တရားခံတဦးကို မူလစစ်ဆေးစီရင်မှုတွင် ထောင်ဒဏ်ချမှတ်ရာ အထက်တရားရုံးက အယူခံတွင် ဖြစ်စေ ပြင်ဆင်မှုတွင်ဖြစ်စေ အမှုကိုပြန်၍ စစ်ဆေးစီရင်စေရန် အမိန့်ချမှတ်သောအခါ ထို့ပြင်ပြန်၍ စစ်ဆေးစီရင်ရာ၌လည်း တရားခံကို ထောင်ဒဏ်တဖန်ချမှတ်သောအခါ နောက်ချမှတ်သော ထောင်ဒဏ် ကို ပြန်၍ စစ်ဆေးစီရင်သည့်အမှုတွင် စီရင်ချက်ချမှတ်သောနေ့မှ အစပြုရမည်ဖြစ်၍ မူလစီရင်ချက်ချမှတ်သောနေ့မှ အစမပြုရ။ ထို့ပြင် မူလအမှုတွင် စီရင်ချက်ချပြီးနောက် ပြန်၍စစ်ဆေး စီရင်ရန် အမိန့်မချမီက ထောင်ဒဏ်ခံပြီးဖြစ်သော ကာလကို ပြန်၍ စစ်ဆေးရာ၌ ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက်အတွက် ထည့်သွင်းရေတွက်ခြင်းမပြုနိုင်။ သို့သော် ပြန်၍ စစ်ဆေးစီရင်သောအမှု၌ စီရင်ချက်ချမှတ်သောအခါ တရားခံအကျဉ်းထောင်တွင် နေရသောကာလ သို့တည်းမဟုတ် အချုပ်နှင့် နေခဲ့ရသောကာလကို ထောက်ထားဆင်ခြင်နိုင်သည်။
တရားခံအသီးသီးအတွက် သီးခြားဝါရမ်းစာ ။
၇၀၉။
အက်ဥပဒေတခုခု သို့တည်းမဟုတ် နည်းဥပဒေများအရ အခြားနည်းဖြင့်ပြဌာန်းထားသော ကိစ္စ များမှတပါး လူနှစ်ယောက်ကိုဖြစ်စေ နှစ်ယောက်ထက်ပိုသောသူများကိုဖြစ်စေ ပြစ်မှုနှင့် ပူးတွဲစွဲဆို၍ ပြစ်မှုထင်ရှားစီရင်သည့် အမှုအသီးသီး၌ ထိုသူအသီးသီးပေါ်တွင် ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက်အရ ထိုသူအသီးသီးကို ထောင်သို့ပို့ရန်အတွက် သီးခြားဝါရမ်းစာသို့တည်းမဟုတ် သီးခြားအမိန့်စာ ထုတ်ရမည်။
ပြုပြင်ပြောင်းလဲသည့် ထောင်ဒဏ်စီရင်ချက်။
၇၁၀။
မူလတရားရုံးက ချမှတ်သည့် ပြစ်ဒဏ်စီရင်ချက်ကို အထက် တရားရုံးက ပြုပြင် ပြောင်းလဲသော အခါ ၊ ဝါရမ်းစာတွင် အခြားနည်းအထူဆင့်ဆိုခြင်း မရှိလျှင်၊ အထက်တရားရုံး၏ ပြစ်ဒဏ်စီရင်ချက်ကို မူလ ပြစ်ဒဏ်စီရင်ချက်အရ ထောင်ဒဏ်ခံရသည့် ပထမနေ့မှစ၍ ရေတွက်ရမည်။
အပြစ်ဒဏ် စီရင်ချက်နှစ်ရပ်အနက် ပထမ ပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက်ရာ၌ မည်သို့ အကျိုးသက် ရောက်ခြင်း။
၇၁၁။
အကျဉ်းသား တယောက်ကိုထောင်ဒဏ်၊ သို့တည်းမဟုတ် တကျွန်းပို့ဒဏ်ဖြစ်သော သီးခြားပြစ် ဒဏ်နှစ်ရပ်ကို ခံစေရန် အကျဉ်းထောင်သို့ ပို့ပြီး တရပ်စေ့ကုန်သည့်အခါမှ အစပြုရမည်ဖြစ်လျှင်၊ (ထိုပြစ်ဒဏ်စီရင်ချက်များကို တနေ့တည်း၌ ချမှတ်သည်ဖြစ်စေ၊ ကွဲလွဲသော နေ့ရက်များတွင် ချမှတ် သည့်ဖြစ်စေ) အယူခံ ၌ သော်၄င်း၊ ပြင်ဆင်မှု၌သော်၄င်း၊ ပထမပြစ်ဒဏ်စီရင်ချက်ကို ပယ်ဖျက်လိုက် သည်ရှိသော် ဒုတိယပြစ်ဒဏ်စီရင်ချက်မှာ၄င်းကိုချမှတ်သည့် နေ့ရက်မှအစပြုရမည်။
ဝါရမ်းစာများကို တရားသူကြီးသို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးကလက်မှတ်ရေးထိုးခြင်း။
၇၁၂။
ဝါရမ်းစာအသီးသီး ကိုပြစ်ဒဏ်စီရင်ခြင်းချမှတ်သည့် တရားသူကြီး သို့တည်းမဟုတ် ရာဇဝတ် တရားသူကြီးက လက်မှတ်ရေးထိုးရမည်။ လက်အောက်ရာထမ်းအမှုထမ်းတဦးက အထက်အရာရှိ “အတွက်” ဝါရမ်းစာများကို လက်မှတ်ရေးထိုးခွင့်ပြုသည့်အလေ့အထကို ကျပ်တည်းစွာ တားမြစ်လိုက် သည်။ တရားသူကြီးများနှင့် ရာဇဝတ်တရားသူကြီးတို့သည် ပြစ်ဒဏ်ကာလအပိုင်းအခြားကို ထောင်ပို့ ဝါရမ်းစာများပေါ်တွင် ဂဏန်းနှင့်၄င်းစာနှင့်၄င်း မိမိတို့လက်ရေးဖြင့် မှတ်သားရမည်။
လွှတ်ဝါရမ်းစာ။
၇၁၃။
လွှတ်ဝါရမ်းစာကို လက်မှတ်ရေးထိုးသော တရားသူကြီး၊ သိုတည်းမဟုတ် ရာဇဝတ် တရားသူကြီး သည်၊ လွှတ်ရန်ကြံရွယ်သည့်သူ ဟုတ်မှန်ကြောင်းကို သံသယဖြစ်စေရန် အကြောင်း မရှိစေ ခြင်းငှါ လွှတ်ဝါရမ်းစာတွင် ရေးသွင်းသည့် အချက်များတွင် အမှုတွဲတွင်ရှိ မူလထောင်ချရန်၊ စာပါရေးသွင်း ချက် များနှင့် အသေအချာ ကိုက်ညီခြင်းရှိအောင် ကြည့်ရှုရန် တာဝန်ဝတ္တရားရှိသည်။ ထိုရေးသွင်းချက် များအနက် အမှုနံပါတ် ရေးသွင်းချက်လည်းပါသည်။
လွှတ်ငြိမ်းခွင့်များ။
၇၁၄။
လွှတ်ငြိမ်းခွင့်ပေးခြင်းဖြင့် ပြစ်ဒဏ်ကိုလျော့နည်း စေသည့်နည်းဥပဒေများကို ပြဌာန်း သတ်မှတ် ထားသည့် အကျဉ်းထောင် လက်စွဲဥပဒေစာပိုဒ် ၈၃၂ နှင့် နောက်ပါစာပိုဒ်များကို စက်ရှင်တရားသူကြီးတို့ က ဂရုပြုကြရန်နှိုးဆော်လိုက်သည်။ အကျဉ်းထောင် လက်စွဲဥပဒေစာပိုဒ် ၈၅၂ နှင့် ၈၅၃ တို့ပါ မှတ်ချက် အရ၊ စာပိုဒ် ၈၈၃ ၊ အပိုဒ် (ခ)၊(ဂ)၊ သို့တည်းမဟုတ် (ဃ)အရ အကျဉ်းသားများအား မှန်ကန်စွာ အမျိုး အစား ခွဲခြားရန် အရေးကြီးသည်ဖြစ်၍၊ အောက်ပါညွှန်ကြားချက်များကိုထုတ်ပြန်လိုက်သည်။ (၁) ပြစ်ဒဏ်တသက်စီရင်သည့် အမှုတိုင်းတွင်၊ အကျဉ်းထောင် အရာရှိတို့ သိရှိစေရန်၊ လွှတ်ငြိမ်းခွင့် နည်းဥပေဒများအလို့ငှါ၊ အကျဉ်းသားနှင့် သက်ဆိုင်သည့် (၁)ဖြစ်စေ၊ (၂) ဖြစ်စေ၊ (၃) ဖြစ်စေ အမျိုးအစားကို ၊ပြစ်မှုထင်ရှား စီရင်သော တရားရုံးကထောင်ပို့ ဝါရမ်းစာပေါ်တွင် ထပ်ဆင့်ရေးသား ရမည်။ (၂) အမျိုးအစား ခွဲခြားခြင်းမပြုသည့် အမှုတခုခုတွင်၊ အကျဉ်းထောင် အာဏာ ပိုင်တို့သည်၊ ထိုဝါရမ်း စာကို တရားရုံးသို့ တင်ပို့ရမည်။ ထိုသို့တင်ပို့သောအခါ တရားရုံးသည် ထိုဝါရမ်းစာပေါ်တွင် ထိုက်သင့် သည့် ရေးသွင်းချက်ကို ပြုလုပ်ရမည်ဗ။ (၃) မည်သို့ရေးသွင်းချက် ပြုရမည်ကို သံသယမကင်းရှိမှု၊ တရားရုံးသည် အမှုတွဲကို ကြည့်ရှု၍ သော်၄င်း၊ နောက်ထပ်စုံစမ်းစစ်ဆေးရန် လိုလျှင် စုံစမ်းစစ်ဆေး၍ သော်၄င်း ထိုအချက်ကို ဆုံးဖြတ် ရမည်။
သေဒဏ်စီရင်ချက်များ သေဒဏ်အတည်ပြု ဆောင်ရွက်ရန်နေ့ရက်။
၇၁၅။
သေဒဏ်ကို တရားရုံးချုပ်က အတည်ပြုသည့်အခါ၊ စက်ရှင်တရားသူကြီးက ထောင်မှူးထံသို့ ထုတ်ပေးသည့် ဝါရမ်းစာတွင် ဖော်ပြသည့်နေ့ရက်မတိုင်မီ ထိုပြစ်ဒဏ်ကို အတည်ပြု ဆောင်ရွက်ခြင်း မရှိဟု ထိုဝါရမ်းစာတွင် သတ်မှတ်ဖော်ပြရမည်။ ထိုနေ့ရက်မှာ အတည်ပြုသည့်အမိန့်ကိုရရှိသည့်နေ့မှ စ၍ အနည်းဆုံး ၂၁ ရက်ကွာခြားစေရမည်။ ထို့ပြင်စက်ရှင်တရားသူကြီးက ထိုသေဒဏ်ချမှတ်ခံရသည့် အကျဉ်းသားအကျဉ်းခံနေရသည့် အကျဉ်းထောင်တည်နေရာအရပ်ကို ထောက်ချင့်၍၊ သင့်တော်မည် ထင်မြင်သည့် အတိုင်း အများဆုံး ၂၈ ရက်ကွာခြားစေနိုင်သည်။ စစ်တွေ၊ကျောက်ဖြူ၊ သံတွဲ၊ ထားဝယ်နှင့် မြိတ်မြို့များတွင် ချုပ်ထားသော အကျဉ်းသားများ ဖြစ်သည့် အချက်တွင်၊ ထိုကာလကို ၂၈ ရက်အောက် မနည်း၊ ၃၅ ရက်ထက်မများစေဘဲ သတ်မှတ်ရမည်။ စက်ရှင်တရားသူကြီးထံသို့ ၄င်း၏ စီရင်ချက်မိတ္တူ နှင့်တကွ၊ တရားရုံးချုပ်က အတည်ပြုသည့် အမိန့်ကို၊စက်ရှင်တရားသူကြီးက ဝါရမ်းစာကို ပြည့်စုံစွာ စီစဉ် ပြုလုပ်နိုင်ရန်အလို့ငှါ ပေးပို့ရမည်။ အတည်ပြုသော အမိန့်ကိုချမှတ်သည်နှင့်တပြိုင်နက်၊ အသနားခံလွှာနှင့် စပ်လျဉ်း၍ ကြည့်ရှုရန် အမှုတွဲစက္ကူရပ်များကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌထံ တင်ပို့ရသည် ဖြစ်သောကြောင့်၊ ထိုသို့ပြုလုပ်ရန်လိုပေသည်။ ထိုမိတ္တူကို အလိုမရှိသည့်အခါ စက်ရှင်တရားသူကြီးက ပြန်ပို့ရမည်။ မှတ်ချက်။ ။သေဒဏ်အတည်ပြုရန် နေ့ရက်သတ်မှတ်ခြင်းမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ နှင့် ၄၀၂ အရ အစိုးရက ပြစ်ဒဏ်ကို ရပ်ဆိုင်းထားနိုင်ခွင့်၊ သို့တည်းမဟုတ် လျော့ပေါ့ ပြောင်းလဲနိုင်ခွင့်ရှိသည့် အာဏာကို အထောက်အထားပြုရမည်ဖြစ်သည်။
ဝါရမ်းစာများကို မူရင်းခွဲနှစ်စောင်ထုတ်ခြင်း။
၇၁၆။
(၁) အကျဉ်းထောင်၏ ထောင်မှူးထံသို့ ညွှန်ကြားသည့် ထောင်ချဝါရမ်း၊ သို့တည်းမဟုတ် လွှတ်ဝါရမ်း၊သိုတည်းမဟုတ် ပြစ်ဒဏ်ကို ပြင်ဆင်ကြောင်း၊ သို့တည်းမဟုတ် ဒဏ်ငွေ အားလုံးကိုဖြစ်စေ၊ အချို့အဝက်ကို ဖြစ်စေ၊ ပေးဆောင်ကြောင်း အကြောင်းကြားသည့် ဝါရမ်းအသီးသီးနှင့်အတူ၊ မူရင်းခွဲ တစောင်ကို ပေးပို့ရမည်။ ထိုမူရင်းခွဲ ဝါရမ်းပေါ်တွင် မူရင်းဝါရမ်းကိုရကြောင်းသိသာစေရန် ထောင်မှူးက နေရာတကျနေ့စွဲနှင့် လက်မှတ်ရေးထိုးသည့် ထပ်ဆင့်ရေးမှတ်ချက်နှင့်တကွ ထုတ်ပေးသည့် တရားရုံးသို့ ချက်ခြင်းပြန်ပို့ရမည်။ ထိုမူရင်းခွဲကိုတရားရုံးက ပြန်ရရန်အတွက် မလျော်အောင် ကြန့်ကြာခြင်းရှိလျှင် မည်သည့်အတွက် ကြန့်ကြာရကြောင်းကို စုံစမ်းစစ်ဆေးရန် ထောင်ပိုင်ဝန်ထံသို့ စာရေးရမည်။ (၂) တရားခံကိုပို့လိုက်သော အကျဉ်းထောင်ကို၊ ဝါရမ်းစာကိုလက်မှတ်ရေးထိုးသည့်အခါ၌ အမှုနေ့စဉ် မှတ်တမ်းတွင်ရေးမှတ်ထားရမည်။ ထိုသို့မပြုလုပ်မှု၊ မူရင်းခွဲဝါရမ်း ပြန်မရောက်မီအမှုတွဲကို အယူခံ အတွက်ဖြစ်စေ၊ ပြင်ဆင်မှုအတွက်ဖြစ်စေ တောင်းသည့်အခါ၊ တရားခံမှာ မည်သည့်နေ့ရာတွင်ရှိကြောင်း အထက်တရားရုံးက တွေ့သိနိုင်ရန် ခဲယဉ်းခြင်းရှိနိုင်သည်။ (၃) ထောင်မှူးက နေရာတကျ လက်မှတ်ရေးထိုးပြီးသော မူရင်းခွဲဝါရမ်း ပြန်ရောက်သည့်အခါ၊ ၄င်းကို စစ်ဆေးစီရင်သော အမှုတွဲတွင်ထားရမည်။
မူလဝါရမ်းကို အမှုတွဲတွဲခြင်း။
၇၁၇။
အကျဉ်းထောင် လက်စွဲဥပဒေစာပိုဒ် ၅၇၃ အရ၊ မူရင်းဝါရမ်းကို ဝါရမ်းထုတ်ပေးသည့် တရားရုံး တည်ရှိရာခရိုင် ဆိုင်ရာခရိုင် ရာဇဝတ်တရားသူကြီးထံသို့ပေးပို့ရမည်။ အမှုတွဲမှာ အမှုတွဲအခန်း၌ ရှိနေ လျှင် ဝါရမ်းကို သက်ဆိုင်ရာအမှုတွဲတွင် တွဲထားရန် အမှုတွဲထိန်းထံသို့ပို့ရမည်။ အမှုတွဲမှာ ဝါရမ်းထုတ် သော တရားရုံးတွင် ရှိနေသေးလျှင်၊ ထိုဝါရမ်းကို ထိုတရားရုံးသို့ ပေးပို့ရမည်။ အကျဉ်းသား တဦး တယောက် သေဆုံးကြောင်းကို ၄င်း၏ဆွေမျိုးများထံ အကြောင်းကြားပေးရန် တောင်းဆိုချက် တရပ်ရပ် ကို မည်သည့်အချက်တွင်မဆို ဝါရမ်းထုတ်ပေးသည့် တရားရုံးသို့တဆင့်ပေးပို့ရမည်။
ဒဏ်ငွေ ပေးဆောင်ကြောင်းကို ဝါရမ်းပေါ်တွင် ရေးမှတ်ခြင်း။
၇၂၆။
ထောင်ဒဏ်အပြင် ထပ်ရိုက်သော ငွေဒဏ်ကို ချက်ခြင်းပေးဆောင်သည့် အခါ၊ ထောင်ချဝါရမ်း ပေါ်၌ ဒဏ်ငွေပေးဆောင်ပြီးကြောင်း မှတ်ချက်ကို ဝါရမ်းထုတ်သော ရာဇဝတ် တရားသူကြီးက ထပ်ဆင့် ရေးသား၍ လက်မှတ်ရေးထိုးရမည်။
ဒဏ်ငွေ ပေးဆောင် ကြောင်းကို အကျဉ်းထောင် သို့အကြောင်းကြားရခြင်းနှင့် အကြောင်းကြားချက်ကို ဝန်ခံရခြင်း။
၇၂၇။
အကျဉ်းထောင် အတွင်းရှိ အကျဉ်းသားအပေါ်၌ ၊ သို့တည်းမဟုတ် ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သည့် အတွက် ထပ်မံချုပ်ထားခြင်း ခံထိုက်သော အကျဉ်းသားအပေါ်၌ ချမှတ်သော ဒဏ်ငွေ အားလုံးကိုဖြစ်စေ၊ ထိုဒဏ်ငွေ အချို့အဝက်ကို ဖြစ်စေ၊ တရားရုံးက ကောက်ခံရရှိသောအခါ၊ ထိုဒဏ်ငွေ ကောက်ခံရရှိသည့် အကြောင်း ထောင်မှူးထံသို့ ချက်ခြင်းအကြောင်းကြားရန်။ * တရားရုံး၏ တာဝန် ဖြစ်စေရမည်။
၇၂၈။
ဒဏ်ငွေ ပေးဆောင်ပြီးကြောင်း ထောင်အာဏာပိုင်တို့ကို အကြောင်းကြားပြီးကြောင်းကို ၊ အမှုနေ့ စဉ်မှတ်တမ်းတွင် တရားရုံးကြီးကြပ်အုပ်ချုပ်သူအရာရှိက ရေးသား၍ လက်မှတ်ရေးထိုးရမည်။ ထို့ပြင် ဒဏ်ငွေပေးဆောင်ပြီးကြောင်း တရားရုံးက ထောင်ပိုင်ဝန်ထံသို့ အကြောင်းကြားပြီးသောအခါ တရားရုံးသည် ထိုအကြောင်းကြားချက်ကို ရရှိကြောင်း စာကို ဆောလျင်စွာ ရယူ၍ အမှုတွဲတွင် ထည့်သွင်းထားပြီးလျှင်၊ (အရင်းခံ ထောင်ဒဏ် မရှိမှု) ထောင်ချဝါရမ်းကို ချက်ခြင်း ပြန်ပို့စေရန်၊ သို့တည်း မဟုတ် အရင်းခံ ထောင်ဒဏ် ကုန်ဆုံးပြီးခြင်း ထောင်ချ ဝါရမ်းကို ပြန်ပို့စေရန် ကြည့်ရှုဆောင်ရွက် ရမည်။
ဒဏ်ငွေများကို ပြန်ပေးခြင်း။
၇၂၉။
(၁) အယူခံတွင်ဖြစ်စေ၊ ပြင်ဆင်မှုတွင်ဖြစ်စေ၊ ပြန်ပေးရန် ဆင့်ဆိုသည့် ဒဏ်ငွေများ (သို့တည်း မဟုတ် အခြားငွေများ) ဖြစ်သည့် အချက်တွင်၊ အထက်တရားရုံးက အမိန့်ကို မှန်ကြောင်း လက်မှတ် ရေးထိုး၍ အောက်တရားရုံးသို့ပေးပို့သောအခါ၊ အပိုင်း ၅ ရှိ စာပိုဒ် ၁၀၄၇ နှင့် ၁၀၄၈ တွင် ပြဌာန်းထား သော ထုံးနည်းကို လိုက်နာဆောင်ရွက်ရမည်။ သို့သော်လည်း ဒဏ်ငွေကိုသော်၄င်း၊ အခြားငွေကိုသော် ၄င်း၊ ပြန်၍ ပေးရမည့် သူသို့ နို့တစ်စာ ချက်ခြင်း ထုတ်ဆင့်ရမည်။ (၂) အယူခံတရားရုံး၊ သို့တည်းမဟုတ် ပြင်ဆင်သည့် တရားရုံးက ဒဏ်ငွေပြန်ပေးစေရန် အမိန့်ကို ရရှိ သည့်အခါ၊ မူလတရားရုံးက ထိုအမိန့်အရ၊ ထိခိုက်သက်ဆိုင်သူတို့ ထိုအမိန့်ပါလိုရင်းအချက်တို့ကို ချက်ခြင်းပြောကြားစေရန် တာဝန်ဝတ္တရားရှိသည်။ ထို့ပြင် ထိုဒဏ်ငွေကို ကောက်ခံရရှိပြီးဖြစ်လျှင်၊ ငွေထုတ်ပေးရန် အမိန့်စာကို (ငွေတိုက်ပုံစံ နံပါတ် ၄၈ ) နှင့် ဆောလျင်စွာ ရေးသားပြီးလျှင်၊ ငွေလက်ခံ မည့်သူက လျှောက်တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ၊ ထိုအမိန့်စာကို ထိုသူတို့ ပေးအပ်ရန် လည်း တာဝန်ဝတ္တရားရှိသည်။ အယူခ့ တရားရုံး၊ သို့တည်းမဟုတ် ပြင်ဆင်သည့် တရားရုံးက ပြန်ပေး ပြန်ပေးစေရန် အမိန့်ချမှတ်သည့် ဒဏ်ငွေ ကို ပြန်ရထိုက်သူထံမှ ထိုဒဏ်ငွေကို ပြန်ရလိုကြောင်းစာဖြင့် ရေးသား လျှောက်ထားရန် မလိုသော်လည်း၊ ထိုငွေကိုပြန်ပေးရန် လျှောက်ထားသူက မည်သည့်အခါ မဆို စာဖြင့်ရေးသား လျှောက်ထားလျှင်၊ ထိုလျှောက်လွှာကို စက္ကူလွှတ်ပေါ်တွင် ရေးသားစေ၍ ရုံးခွန်တံဆိပ် ခေါင်းမပါဘဲ လက်ခံရမည်။ ဒဏ်ငွေကို ပြန်ပေးပြီးသည်နှင့် တပြိုင်နက်၊ ထိုဒဏ်ငွေ ပြန်ပေးစေရန် အမိန့်ချမှတ်သော အယူခံ တရားရုံး၊သို့တည်းမဟုတ် ပြင်ဆင်သည့် တရားရုံးသို့ ရာဇဝတ်ပုံစံနံပါတ် ၁၂၆ နှင့် ရေးသားသည့်အစီရင် ခံစာကို တင်ပို့ရမည်။
လျော်ကြေး၊ သို့တည်းမဟုတ် ဆုငွေအဖြစ် ထုတ်ပေးပြီး၊ ဒဏ်ငွေများကို ပြန်ပေးခြင်း။
၇၃၀။
(၁) ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၅ အရ၊ ဒဏ်ငွေအဖြစ် ကောက်ခံရရှိသောငွေများကို အယူခံဝင်နိုင်သည့် အမှုများတွင် အယူခံမှုကို ဆုံးဖြတ်မပြီးမီသော်၄င်း၊ အယူခံမှုမှာ ကာလစည်းကမ်း သတ်အရ မပိတ်ဝင်မီသော်၄င်း၊ လျော်ကြေးအဖြစ်နှင့် ထုတ်ပေးခြင်း မပြုနိုင်ချေ။ သို့ရာတွင် အယူခံ မဝင်နိုင်သော သို့တည်းမဟုတ် အယူခံဝင်သော အမှုပင်ဖြစ်သော်လည်း ငွေဒဏ်ကို ပြင်ဆင်မှု၌ ပယ်ဖျက် သည့် အမှုများတွင် ဆိုခဲ့သည့် ပြဌာန်းချက်မှာ ရံဖန်ရံခါ အခက်အခဲ ဖြစ်ပေါ်စေခြင်းကို တားဆီး၍ မရချေ။ ထို့ပြင်လည်း အမျိုးမျိုးသော အထူးအက်ဥပဒေ များအရ၊ ရာဇဝတ်တရားသူကြီးတို့သည် သတင်းပေးသူတို့နှင့် အခြားသူတို့ကို ဒဏ်ငွေများထဲမှ ဆုငွေများထုတ်ပေးနိုင်ခွင့် အာဏာရရှိသည့် အလျောက်၊ ရာဇဝတ်တရားသူကြီးတို့က ထိုဆုငွေများချက်ခြင်းထုတ်ပေးခြင်းကိုတားမြစ်ချက် တစုံတရာ မရှိချေ။ ထိုမှတပါးလည်း၊ အခွန်ငွေများကို ပိုမိုကောင်းမွန်စွာ ကာကွယ်စောင့်ရှောက် နိုင်စေ ခြင်းငှာ ဘိန်းမှုများ နှင့် အလားတူအမှုများတွင် ဆုငွေများ ဆောလျင်စွာ ထုတ်ပေး၇န်မှာ သင့်လျော် ပေသည်။ သို့ဖြစ်သော ကြောင့်၊ အယူခံတွင်ဖြစ်စေ၊ ပြင်ဆင်မှုတွင်ဖြစ်စေ ငွေဒဏ်ကို ပယ်ဖျက်လိုက် သော်လည်း ဒဏ်ငွေအဖြစ် ရရှိသည့်ငွေကို အားလုံးဖြစ်စေ၊ အချို့အဝက်ဖြစ်စေ၊ အခြားသူတဦး တယောက်သို့ ထုတ်ပေးပြီးဖြစ်သည့် ကိစ္စများ ရံဖန်ရံခါ ပေါ်ပေါက်ရပေသည်။ (၂) ထိုသို့သော အမှုမျိုးတွင်ဒဏ်ငွေအပြည့်အစုံကို ပေးဆောင်ရင်းသူတို့ ပြန်၍ ထုတ်ပေးရမည်ဖြစ် သည်။ ပြန်ပေးစေရန် အထက်တရားရုံးက ချမှတ်သည့် အမိန့်မှာ ၄င်းဒဏ်ငွေကို ငွေတိုက်မှ ထုတ်ပေး စေရန် လုံလောက်သော အခွင့်အာဏာဖြစ်သည်။ သို့သော်လည်း၊ လျော်ကြေးအဖြစ်သော်၄င်း၊ ဆုငွေ အဖြစ်သော်၄င်း၊ ထုတ်ပေးပြီး ကြေးငွေအတွက် အစိုးရက ဆုံးရှုံးနစ်နာခံရမည်ဟု ယူဆရမည်မဟုတ်။ များစွာသော အမှုတို့တွင် လျော်ကြေးငွေ၊သို့ တည်းမဟုတ် ဆုငွေများကိုလက်ခံရရှိသူတို့က ပြန်၍ပေးသွင်းရန် ဆင့်ဆိုသည့်အခါ ပြန်၍ပေးသွင်းကြကြောင်း ပေါ်ပေါက်လေသည်။ သို့ဖြစ်သော ကြောင့် ဒဏ်ငွေကို ပြန်ပေး ရန်ရှိသော အမှုတို့တွင် ၄င်းဒဏ်ငွေ အချို့အဝက်ကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ လျော်ကြေး အဖြစ်သော် ၄င်း၊ ဆုငွေအဖြစ်သော်၄င်း ထုတ်ပေးပြီး ဖြစ်ခဲ့လျှင်၊ ဒဏ်ငွေကို အားလုံးသော်၄င်း၊ အချို့အဝက် သော်၄င်း ထုတ်ပေးရရှိသူတို့က ပြန်၍ပေးသွင်းစေရန် ဆင့်ဆိုရမည်ဟု ညွှန်ကြားလိုက်သည်။ အဆိုပါ သူတို့က ပြန်၍ပေးသွင်းခြင်းမပြု ငြင်းဆိုလျှင်၊ ထိုသို့သော ကြေးငွေတောင်းခံမှုမျိုးနှင့် သက်ဆိုင် ကြောင်း ဆုံးဖြတ်ပြီးဖြစ်သော ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၇ အရ၊ ထို့ကြေးငွေကို အရ တောင်းခံရန် သာမန်အားဖြင့် အရေးယူဆောင်ရွက်ရမည်။ အဆိုပါ ငွေအားလုံးဖြစ်စေ၊ အချို့အဝက်ဖြစ်စေ မရနိုင်လျှင်၊ သို့တည်းမဟုတ် ထိုငွေမှာလည်း အမှု၏ရည်သွားအလျောက် ဆုငွေရရှိသူက တရားမျှတသော သဘောအရ ထိုငွေကို ရယူထိုက်ကြောင်း ထို့ပြင် ထိုငွေကိုပြန်၍ ရယူရန်မှာလည်း မလျော်အောင် အခက်အခဲတွေ့စေမည့်အကြောင်းအချက်တို့ ကြောင့် ထိုငွေကို တောင်းခံခြင်းမပြုဘဲစွန့်လွှတ်ရန်သင့်သည်ဟု ထင်မြင်လျှင်၊ ထိုငွေမှာကျပ် ၁၀၀၀ ထက်မပိုမှု ပယ်ဖျက်ခွင့်ပြုရန်၊ သို့တည်းမဟုတ် ထိုငွေမှာ ကျပ် ၁၀၀၀ ထက်ပိုမှု၊ ပယ်ဖျက်ရန် အတွက် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ၏ ခွင့်ပြုချက်တောင်းခံရန်၊ ခရိုင်ဝန်က တိုင်းမင်းကြီးထံလျှောက်တောင်းရ မည်။ (၃) ဘိန်းမှုများနှင့် ယစ်မျိုးမှုများတွင် ခရိုင်ဝန်၏ အထူးခွင့်ပြုချက်မရဘဲ၊ အစိုးရ အမှုထမ်း မဟုတ်သူ တို့အား ကြေးငွေများကို ပြန်ပေးစေရန် ဆင့်ဆိုတောင်းခံခြင်း၊ မရှိစေရ။
ဒဏ်ငွေများကို တောင်းခံခြင်း
၇၃၁။
(၁) ဒဏ်ငွေများကို အရတောင်းခံခြင်းနှင့် စပ်လျဉ်းသည့် တရားဥပဒေများ၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၈၆ နှင့် ၃၈၈ ထိနှင့် ရာဇသတ်ကြီးပုဒ်မ ၆၄ မှ ၇၀ ထိတို့တွင် ပါရှိသည်။ (၂) ဒဏ်ငွေတောင်းခံရန်အတွက် အောက်ပါနှစ်နည်းအနက်၊ တနည်းနည်းဖြင့်ဖြစ်စေ၊ နှစ်နည်းလုံးဖြင့်ဖြစ်စေ အရေးယူဆောင်ရွက်နိုင်သည်။ (က) ပြစ်မှုကျူးလွန်သူပိုင် ရွေ့ပြောင်းနိုင်သော ပစ္စည်းကို ဝါရမ်းစွဲကပ် ရောင်းချခြင်းအားဖြင့် ထိုကြေးငွေကို ကောက်ခံယူရန်အတွက် ပစ္စည်းဖမ်းဝါရမ်း ထုတ်ခြင်း။ (ခ) ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သူပိုင် ရွေ့ပြောင်းနိုင်သော ပစ္စည်းပေါ်တွင် ဖြစ်စေ၊ မရွေ့မပြောင်းနိုင်သော ပစ္စည်းပေါ်တွင်ဖြစ်စေ၊ ထိုပစ္စည်းနှစ်ရပ်လုံး ပေါ်တွင်ဖြစ်စေ၊ တရားမကြောင်း လုပ်ငန်းစဉ် အတိုင်း အတည်ပြု ဆောင်ရွက်ခြင်းအားဖြင့်၊ ထိုကြေးငွေကို ရယူရန် ကော်လိတ်တော် အရာရှိအား အခွင့်အာဏာ အပ်နှင်းသည့် ဝါရမ်းစာ ထုတ်ပေးခြင်း။ (၃) သာမန်အားဖြင့် ပုဒ်မ ၃၈၆ (၁)(က)အရ ၊ ပစ္စည်းဖမ်း ဝါရမ်းစာတစောင်ကို ပထမ ထုတ်ရမည်။ ထို့နောက် ပြစ်မှုကျူးလွန်သူပိုင် ရွေ့ပြောင်းနိုင်သော ပစ္စည်း မတွေ့မရှိနိုင်လျှင်၊ သို့တည်းမဟုတ် ထိုသူပိုင် ရွေ့ပြောင်းနိုင်သော ပစ္စည်းသည် ဒဏ်ငွေ တရပ်လုံးကို ပေးဆောင်ရန်မလုံလောက်မှု၊ ပုဒ်မ ၃၈၆(၁)၊ (ခ)အရ ကော်လိတ်တော်အရာရှိထံသို့ ဝါရမ်းစာ ထုတ်ပေးနိုင်သည်။
ပစ္စည်းဖမ်းဝါရမ်းစာများ
၇၃၂။
(၁) ရွေ့ပြောင်းနိုင်သောပစ္စည်း ဝါရမ်းစွဲကပ် ရောင်းချခြင်းအားဖြင့် ဒဏ်ငွေကို ကောက်ခံရန် အတွက် ပုဒ်မ ၃၈၆(၁)(က) အရ ထုတ်ပေးသော ဝါရမ်းကို၊ သာမန်အားဖြင့် ရဲအရာရှိထံသို့ ညွှန်ကြား ဆင့်ဆိုရမည်။ ထို့ပြင် ဝါရမ်းထုတ်ပေးသော ရာဇဝတ်တရားသူကြီးသည် ရောင်းရမည့်နေ့ရက်နှင့် ဝါရမ်း ပြန်ပို့ရမည့် နေ့ရက်ကိုချိန်းဆိုသတ်မှတ်ပေးရမည်။ ဖမ်းဆီးထားသည့် ပစ္စည်းကို ရထိုက်ကြောင်း တောင်းဆိုသူ မရှိလျှင်၊ ရာဇဝတ်တရားသူကြီးထံသို့ ကြိုတင်အကြောင်းကြားခြင်း မရှိဘဲ ဝါရမ်းစာတွင် သတ်မှတ်ဖော်ပြထားသည့် အချိန်ကာလအတွင်း ရဲကပစ္စည်းကို ရောင်းချနိုင်ခွင့်အာဏာရှိသည်။ အကယ် ၍ ရထိုက်ကြောင်း တောင်းဆိုသူ ပေါ်ပေါက်လာလျှင်၊ ထိုဖမ်းဆီးထားသည့် ပစ္စည်းပိုင်ဆိုင်ခွင့်ကို ရာဇဝတ်တရားသူကြီးက ဆုံးဖြတ်ရမည်ဖြစ်၍၊ ရဲကဆုံးဖြတ်ရမည်မဟုတ်။ (၂) ပုဒ်မ ၃၈၆ အရ ၊ မှုခင်းဖွင့်သောအခါ၊ လုပ်ရိုးလုပ်စဉ်အားဖြင့် ပစ္စည်းဖမ်းဝါရမ်းစာတစောင်ကို ထုတ်ရမည့်ပြင် ၊ ထိုဝါရမ်းစာပေါ်တွင် အစီရင်ခံချက် ကို ရရှိသည့်အခါ၊ ရာဇဝတ် တရားသူကြီး သည် ထိုအစီရင်ခံချက်ကို စေ့ငုသေချာစွာ စစ်ဆေးကြည့်ရှုရမည်။ အစီရင်ခံချက်တွင် ဝါရမ်းစွဲကပ်နိုင်သည့် ရွေ့ပြောင်းနိုင်သော ပစ္စည်းမရှိဟု အတည့်အလင်း ဖော်ပြထားသည်ဖြစ်လျှင်၊ ဒဏ်ငွေကို အပြေအကျေ ပေးဆောင်နိုင်လောက်အောင် ဝါရမ်းစွဲကပ်နိုင်သည့် ရွေ့ပြောင်းနိုင်သော ပစ္စည်းရှိသည်ဟု ရာဇဝတ် တရားသူကြီးက ကိုယ်တိုင် စုံစမ်းမေးမြန်းခြင်း ဖြင့်သော်၄င်း၊ အခြားနည်းဖြင့်သော်၄င်းသဘောကျေ နပ် မရှိသမျှ ကာလပတ်လုံး ပစ္စည်းဖမ်းဝါရမ်း အသစ်များကို ဆက်လက်၍ မထုတ်ရ။ ၃၈၆(၁)၊(က)။
မရွေ့မပြောင်းနိုင်သော ပစ္စည်းပေါ်တွင် စွဲကပ်သော ဝါရမ်း။
၇၃၃။
ပြစ်မှုကျူးလွန်သူသည် ရွေ့ပြောင်းနိုင်သော ပစ္စည်းမရှိသောအခါ၊ သို့တည်း မဟုတ် ထိုသူပိုင် ရွေ့ပြောင်းနိုင်သောပစ္စည်းသည်ဒဏ်ငွေကို အပြေအကျေပေးဆောင်ရန် မလုံလောက်သော အခါ၊ ရာဇဝတ်တရားသူကြီးက ထိုသူထံတွင် မရွေ့မပြောင်းနိုင်သော ပစ္စည်းတစုံတရာ ရှိမရှိကို စုံစမ်းရမည်။ ထိုသူထံ၌ မရွေ့မပြောင်းနိုင်သော ပစ္စည်းရှိခဲ့လျှင်၊ ပုဒ်မ ၃၈၆ (၁)(ခ)အရ၊ ဝါရမ်းစာကို ကော်လိတ်တော် အရာရှိထံသို့ ထုတ်နိုင်သည်။ သို့ရာတွင် ဝါရမ်းစွဲကပ်နိုင်သော ပစ္စည်းရှိကြောင်း ရာဇဝတ်တရားသူကြီး က၊ ကိုယ်တိုင် သဘောကျေနပ် မရှိမချင်း၊ ထိုသို့သော ဝါရမ်းကို မထုတ်ရ။ ဆောင်ရွက်ရန်သာ၍ သင့်လျောသည်ဟု ရာဇဝတ်တရားသူကြီးက ထင်မြင်ယူဆသော အချက် တွင်၊ ပစ္စည်းဖမ်း ဝါရမ်း အစားသော်၄င်း၊ ပစ္စည်းဖမ်း ဝါရမ်းထုတ်ခြင်းနှင့် ဖက်တွဲ၍ သော်၄င်း၊ ပြစ်မှု ကျူးလွန်သူ၏ ရွေ့ပြောင်းနိုင်သော၊ ပစ္စည်းပေါ်တွင် ပုဒ်မ ၃၈၆ (၁) (ခ)အရ၊ အရေးယူ ဆောင်ရွက်နိုင် သည်။ ၃၈၆(၁)(ခ)
ပြစ်ဒဏ် စီရင်ချက်ကို ရပ်ဆိုင်းထားခြင်း၊ ဒဏ်ငွေကို အရစ်ဖြင့် ပေးဆောင်ခြင်း။
၇၃၄။
ပြစ်မှုကျူးလွန်သူအား၊ ငွေဒဏ်မျှသာ ချမှတ်ခဲ့သော်၊ သို့တည်းမဟုတ် ဆိုရရုံမျှသာ ဖြစ်သော ထောင်ဒဏ်အပြင် ငွေဒဏ်ကို ချမှတ်ခဲ့သော်၊ ပုဒ်မ ၃၈၈ ပါ ပြဌာန်းချက်များအရ၊ ပြစ်ဒဏ်စီရင် သည့်နေ့မှ ရက်ပေါင်းသုံးဆယ်အတွင်း နောက်လာမည့် နေ့ရက်တရက်ရက်၌ ဒဏ်ငွေကို ပေးဆောင်ရန် သော်၄င်း၊ ဒဏ်ငွေ ကို၊ သုံးရစ်ထက် မများဘဲ တရစ်နှင့် ရက်ပေါင်း သုံးဆယ်ထက်ပို၍ မကွာခြားဘဲ ပေးဆောင်ပေးရန်သော်၄င်း တရားရုံးက အမိန့်ချမှတ်နိုင်သည်။ ရာဇသတ်ကြီး ၇၀။ ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သည့်အတွက် ထောင်ဒဏ်၊ စီရင်ချက် အတည်ပြုခြင်းကို ခံဝန်ချုပ် ချုပ်ဆိုလျှင် ရပ်ဆိုင်းထားနိုင်သည်။ ၃၈၈။
ဏ်ငွေမပေးမဆောင် ပျက်ကွက်သည့်အတွက် တရားခံက ထောင်ဒဏ်ခံသည့်အခါ၊ ဒဏ်ငွေကို တောင်းခံခြင်း။
၇၃၅။
(၁) ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သည့်အတွက် အကျဉ်း ထောင် သို့ပို့လိုက်သောအခါ၊ ဒဏ်ငွေကိုအရတောင်းခံရန်အတွက် အမှုတွဲကိုချက်ခြင်း ဖွင့်ရမည့်ပြင်၊ တရားခံက အကျဉ်း ထောင်တွင် ပြစ်ဒဏ်ခံနေသည့်အတွင်း ပြုလုပ်ရမည်။ သို့ရာတွင် ပုဒ်မ ၃၈၆ (၁)ပါ ခြွင်းချက်အရ ဒဏ်ငွေ မပေး မဆောင်ပျက်ကွက်သည့် အတွက် ထောင်ဒဏ် အပြည့်ကို တရားခံကျခံပြီး ဖြစ်သည့်အခါ၊ ပြစ်မှုကျူးလွန်သူက ဒဏ်ငွေအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ၊ ပေးဆောင်နိုင် သည်ဟု တရားရုံးက ရေးမှတ်ထားရမည့် အထူးအကြောင်းပြချက်များအရ၊ သဘောထင်မြင် သည် မဟုတ်လျှင်၊ ဒဏ်ငွေကို အရတောင်းခံရန် နောက်ထပ် အရေးယူဆောင်ရွက်ခြင်း မပြုနိုင်ချေ။ သို့ဖြစ်သောကြောင့် ထိုကဲ့သို့သော အထူးအကြောင်းပြချက်များ မရှိ၍၊ ဒဏ်ငွေ မပေးမဆောင် ပျက်ကွက် သည့် အတွက် ထောင်ဒဏ်အားလုံးကို ကျခံပြီးဖြစ်သည့်အခါ၊ဒဏ်ငွေကို တောင်းခံမရနိုင်ဟူ၍ ပယ်ဖျက်ရန် စာပိုဒ်ခွဲ (၂)အရ အရေးယူဆောင်ရွက်ရမည်။ (၂) ဒဏ်ငွေကို အရတောင်းခံရန် ဆောင်ရွက်နိုင်သည့် နည်းအမျိုးမျိုးကို ဆောင်ရွက်ပြီးနောက်၊ ရာဇဝတ် တရားသူကြီးက ဒဏ်ငွေအားလုံးကိုဖြစ်စေ၊အချို့အဝက်ကိုဖြစ်စေ၊ တောင်းခံမရနိုင်ဟု သဘောရလျှင်၊ ရာဇဝတ် တရားသူကြီးသည်၊ ဒဏ်ငွေကို၊ သို့တည်းမဟုတ် ဒဏ်ငွေအနက် တောင်းခံ မရသည့် အစိတ်အပိုင်းကို တောင်းခံ မရ နိုင်ဟူ၍ ပယ်ဖျက်ရန် ထောက်ခံချက်နှင့်တကွ၊ ခရိုင်ရာဇဝတ်တရားသူကြီးသည် ဒဏ်ငွေကို ပယ်ဖျက်ခြင်းဖြင့် သော်၄င်း၊ ဒဏ်ငွေကို အရတောင်းခံရန် ရာဇဝတ်တရားသူကြီးက နောက်ထပ်မည်သို့သော ဆောင်ရွက်ရမည်ဟု ဆင့်ဆိုခြင်းဖြင့်သော်၄င်း၊ မိမိကသင့်သည် ထင်မြင်သည့် အတိုင်း အမှုတွင် အမိန့်ချမှတ်ရမည်။ လက်အောက် ရာဇဝတ်တရားသူကြီးတို့သည် မိမိတို့၏ ကိုယ်ပိုင် အခွင့်အာဏာအရ၊ ဒဏ်ငွေ များကို ပယ်ဖျက်ခြင်း မပြုရန်တားမြစ်သည်။ ဒဏ်ငွေအပြင် ထောင်ဒဏ်ချမှတ်ခြင်းရှိလျှင်၊ ထိုအရင်းခံ ထောင်ဒဏ်ကို ၄င်း၊ ဒဏ်ငွေ မပေးမဆောင် ပျက်ကွက်သည့် အတွက် ချမှတ်သည့် ထောင်ဒဏ်ကို၄င်း၊ တရားခံက ကျခံ၍ မပြီးမီ မည်သည့်ဒဏ်ငွေ၊ သို့တည်းမဟုတ် ဒဏ်ငွေ တစိတ်တဒေသမဆို သာမန်အားဖြင့် တောင်းခံမရနိုင်ဟူ၍ ပယ်ဖျက်ခြင်း မပြုရ။ (၃) ပုဒ်မ ၃၈၆ (၁)၏ ခြွင်းချက်ပါ ပြဌာန်းချက်တို့ကို အထောက်အထားပြု၍၊ ဒဏ်ငွေအားလုံး ကိုဖြစ်စေ၊ မပေး မဆောင် ကျန်ရှိသည့် ဒဏ်ငွေ တစိတ်တဒေသတို့ကိုဖြစ်စေ၊ ပြစ်ဒဏ်စီရင်ချက် ချမှတ်ပြီးနောက်၊ ခြောက် နှစ်အတွင်း မည်သည့်အခါမဆို ကောက်ခံနိုင်သည်။ ထို့ပြင် ပြစ်မှု ကျူးလွန်သူသေဆုံးခဲ့လျှင်၊ ထိုသူသေဆုံးသော အခါ၌ ထိုသူပိုင်ဆိုင်သည့် ပစ္စည်းမှာလည်း ဒဏ်င ွေပေးဆပ်ရန် တာဝန်မှ ကင်းလွတ်သည် မဟုတ်ချေ။ ရာဇသတ် ကြီးပုဒ်မ ၇၀ ကိုကြည့်။ တောင်းခံ မရနိုင်သော ဒဏ်ငွေများကို လွတ်ငြိမ်းခွင့်ပြုရန်အတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေနှင့် ဥပဒေတို့တွင် ပြဌာန်းထားခြင်းမရှိချေ။ ခရိုင်ရာဇဝတ်တရားသူကြီးက ဒဏ်ငွေကို တောင်းခံမရနိုင်ဟူ၍ ပယ်ဖျက်သည့်အခါ ၊ စာပိုဒ်ခွဲ(၂) ပါ အုပ်ချုပ်ရေး ညွှန်ကြားချက်များ အရသာလျှင်၊ ၄င်းက ဆောင်ရွက်ခြင်း ဖြစ်သည်။ ဒဏ်ငွေ ပေးဆောင်ထိုက်သော သူသည် ထိုဒဏ်ငွေကို ပေးဆောင်နိုင်သည့်အင်အားရှိလာကြောင်း နောင်အခါ၌ ပေါ်ပေါက်ခဲ့သော်၊ ခရိုင်ရာဇဝတ်တရားသူကြီး က ဒဏ်ငွေကို တောင်းခံမရနိုင်ဟူ၍ ပယ်ဖျက်ထားသည့် အကြောင်း များကြောင့်၊ ရာဇသတ်ကြီး ပုဒ်မ ၇၀ အရ၊ ခွင့်ပြုသော ကာလအပိုင်းအခြားအတွင်း ဒဏ်ငွေကို ကောက်ခံရန် အလို့ငှါ ရာဇဝတ်တရား သူကြီးက အရေးယူဆောင်ရွက်ခြင်းကို ပိတ်ပင်သည် မဟုတ်ချေ။
ဒဏ်ငွေများမှ တပါး အခြားငွေများကိုတောင်းခံခြင်း။
၇၃၆။
တရားရုံး အမိန့်အရ ပေးဆောင်ထိုက်သော မည်သည့် ကြေးငွေကို မဆို တောင်းခံရန်အတွက် ပြဌာန်းထားသော ပုဒ်မ ၅၄၇ ကို ဂရုပြုကြရန် နှိုးဆော်လိုက်သည်။ ၅၄၇။
အကျဉ်းသားများကို “အမြဲပြစ်မှုကျူးလွန်တတ်သူများ” နှင့် “အမြဲပြစ်မှုကျူးလွန်တတ်သူများမဟုတ် သူများ” ဟူ၍ အမျိုးအစားခွဲခြားခြင်း
၇၃၇။
၁။ အောက်ဖော်ပြပါ သူများမှာ “အမြဲပြစ်မှုကျူးလွန်တတ်သူများ” ဟူ၍ အမျိုးအစား ခွဲခြား ခြင်း ခံထိုက်စေရမည်။ (၁) ရာဇသတ်ကြီး အခန်း ၁၂၊ ၁၇ နှင့် ၁၈ များအရ၊ ပြစ်ဒဏ်ထိုက်သော ပြစ်မှုတခုခုဖြင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရ၍၊ ၄င်း၏ ယခင်ပြစ်ချက်သို့တည်းမဟုတ် ယခင်ပြစ်ချက်များကို၊ ရှေ့မှောက်ရှိ အမှု၏ ကြောင်းခြင်းရာများနှင့်အတူ တွဲဖက်ကြည့်ရှုဆင်ခြင်သော်၊ လုယက်တတ်သူ၊ အိမ်ဖောက်ထွင်းတတ်သူ၊ ဓါးမြတိုက်တတ်သူ၊ ခိုးတတ်သူ၊ သို့တည်းမဟုတ် ခိုးရာပါ ပစ္စည်းလက်ခံတတ်သူဖြစ်ကြောင်း ၊ သို့တည်း မဟုတ်ခြောက်လှန့်တောင်းယူတတ်ကြောင်း၊ လိမ်လည် တင်ကြောင်း၊ ဒင်္ဂါးကိုဖြစ်စေ၊ ငွေစက္ကူများကို ဖြစ်စေ၊ တံဆိပ်ခေါင်းများကိုဖြစ်စေ၊ အတုပြုတတ်ကြောင်း၊ သို့တည်းမဟုတ် လိမ်လည်အတုပြုတတ် ကြောင်း ထင်ရှားသူ မည်သူမဆို။ (၂) ရာဇသတ်ကြီးအခန်း ၁၆ အရ ပြစ်ဒဏ်ထိုက်သော ပြစ်မှုတခုခုနှင့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရ၍၊ ၄င်း၏ယခင်ပြစ်ချက်၊ သို့တည်းမဟုတ် ယခင်ပြစ်ချက်များကို ရှေ့မှောက်ရှိ အမှု၏ အကြောင်းခြင်းရာ များနှင့် အတူတွဲဖက် ကြည့်ရှုဆင်ခြင်သော်၊ လူ့ကိုယ်ကိုထိခိုက်သည့် ပြစ်မှုများ ကျူးလွန်တတ်ကြောင်း ထင်ရှားသူမည်သူမဆို။ (၃) ယခင်ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့်အခါက အမြဲပြစ်မှု ကျူးလွန်တတ်သူ ဟူ၍ အမျိုးအစား ခွဲခြားခံရ၍၊ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၀ နှင့်တွဲဖက်ရမည့် ပုဒ်မ ၁၂၃ အရ အကျဉ်းထောင်တွင် ချထားခြင်း၊ သို့တည်းမဟုတ် ချုပ်ထားခြင်းခံရသူ မည်သူမဆို၊ သို့တည်းမဟုတ် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၀၉ နှင့် တွဲဖက်ရမည့် ပုဒ်မ ၁၂၃ အရ အကျဉ်းထောင်တွင်ချထားခြင်း၊ သို့တည်းမဟုတ် ချုပ်ထားခြင်းခံရသူ မည်သူမဆို။ ၂၆ (၄) အထက်အပိုဒ်(၁)တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုတခုခုနှင့် ထင်ရှားစီရင်ခြင်းခံရ၍၊ ယခင်ပြစ်မှု ထင်ရှားစီရင်ခြင်းခံရဖူးကြောင်း ထင်ရှားမရှိသသော်လည်း၊ အမှု၏ အကြောင်းခြင်းရာများ အရ ဓါးပြဂိုဏ်း၊ သို့တည်းမဟုတ် သူခိုးဂိုဏ်းတွင် ပါဝင်တတ်သူ၊ သို့တည်းမဟုတ် ကျွန်များကိုဖြစ်စေ၊ ခိုးရာပါပစ္စည်းများကိုဖြစ်စေ အရောင်းအဝယ် ပြုတတ်သူဖြစ်ကြောင်း ထင်ရှားသူမည်သူမဆို။ (၅) ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပတွင် ဆောင်ရွက်လျက်ရှိသော အခွင့်အာဏာရ တရားရုံး၊ သို့တည်း မဟုတ် ခုံရုံး တခုခုက ပြစ်မှုတခုခုနှင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူဖြစ်၍၊ ထိုပြစ်မှုဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း တည်ထောင်သည့် တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါမူ၊ အမြဲပြစ်မှု ကျူးလွန် တတ်သူဟူ၍ အမျိုးအစား ခွဲခြားခြင်းခံထိုက်မည့်သူ မည်သူမဆို။ ရှင်းလင်းချက်။ ။ဤအဓိပ္ပာယ်ဖော်ပြချက်အလို့ငှာ “ပြစ်မှုထင်ရှားစီရင်ခြင်း” ဆိုသည့်စကားတွင် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၁၀ နှင့် တွဲဖက်သည့်ပုဒ်မ ၁၁၈ အရချမှတ်သည့်အမိန့်လည်း ပါဝင်စေရမည်။ ၂။ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရသူကို အမြဲပြစ်မှု ကျူးလွန်တတ်သူဟူ၍ အမျိုးအစားခွဲခြားခြင်းကို၊ ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးက သာမန်အားဖြင့် ပြုလုပ်ရမည်။ သို့သော်လည်း ပြစ်မှုထင်ရှားစီရင် သည့် တရားရုံးက အမျိုးအစားခွဲခြားခြင်း မပြုဘဲနေလျှင် ခရိုင်ရာဇဝတ်တရားသူကြီးက ထိုသို့အမျိုး အစား ခွဲခြားခြင်းကို ပြုလုပ်နိုင်သည်။ သို့တည်းမဟုတ် ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးကဖြစ်စေ၊ ခရိုင်ရာဇဝတ်တရားသူကြီးက ဖြစ်စေ၊ ချမှတ်သည့်အမိန့်မရှိ၍၊ ခရိုင်ရာဇဝတ်တရားသူကြီးထံ လွှဲအပ် တင်ပို့ရာ အမိန့်မကျမီအတွင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူကို ချုပ်ထားရာဖြစ်သော အကျဉ်းထောင် တာဝန်ခံအရာရှိက အမျိုးအစားကွဲခြားခြင်းကို ပြုလုပ်နိုင်သည်။ ခြွင်းချက်။ သို့သော်လည်း အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် အမျိုးအစားကွဲခြားခြင်းခံရသူ မည်သူ မဆို ထိုအမျိုးအစားကွဲခြားသည့်အမိန့်ကို ပြင်ဆင်ရန်လျှောက်ထားနိုင်သည်။ ၃။ ပြစ်မှုထင်ရှားစီရင်သည့်တရားရုံးကဖြစ်စေ ခရိုင်ရာဇဝတ်တရားသူကြီးကဖြစ်စေ ရေးမှတ်ရမည့် ကျိုးကြောင်းဖော်ပြချက်များအရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ် ၁၁၀ နှင့် တွဲဖက်သည့် ပုဒ်မ ၁၂၃ အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူ သို့တည်းမဟုတ် အကျဉ်းထောင်တွင်ချထားခြင်း သို့တည်းမဟုတ် ချုပ်ထား ခြင်းခရသူတဦးဦးကို အမြဲပြစ်မှုကျူးလွန်တတ်သူဟူ၍ အမျိုးအစားမခွဲခြားရန် ဆင့်ဆိုနိုင်သည့် အပြင် ထိုဆင့်ဆိုခြင်းကိုလည်း ပြင်ဆင်နိုင်သည်။ ၄။ ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးများကဖြစ်စေ ခရိုင်ရာဇဝတ်တရားသူကြီးများကဖြစ်စေ ဆိုင်သင့်ရာရာကို မိမိတို့ပြုလုပ်ထားသည့် အမျိုးအစားခွဲခြားချက်များကိုပြင်ဆင်နိုင်သည်။ထို့ပြင် ခရိုင် ရာဇဝတ်တရားသူကြီးသည် ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးက ဖြစ်စေ၊ တခြားအာဏာပိုင်တဦးကဖြစ်စေ အကျဉ်းသားတဦးတယောက်အား အမျိုးအစားခွဲခြားခြင်းကို ပြောင်းလဲပြင်ဆင်နိုင်သည်။ သို့သော်လည်း ထိုသို့ပြောင်းလဲပြင်ဆင်ခြင်းမှာ အဆိုပါတရားရုံး သို့တည်း မဟုတ်အာဏာပိုင်ရှေ့မရောက်သေးသော ကြောင်းခြင်းရာများပေါ်တွင် အခြေပြု၍ ပြုလုပ်ရမည်။ မှတ်ချက်။ အထက်ပိုဒ် ၂၊ ၃ ၊ နှင့် ၄ တို့တွင် ပါရှိသမျှသော နေရာတိုင်း၌ ခရိုင်ရာဇဝတ်တရားသူကြီး ဆိုသည့် စကားမှာ ရာဇဝတ်မှုကျူးလွန်သူက ပြစ်မှုထင်ရှားစီရင်ခြင်း အကျဉ်းထောင်တွင်ချထားခြင်း၊ သို့တည်းမဟုတ် ချုပ်ထားခံရသည့် ခရိုင်ဆိုင်ရာ ခရိုင်ရာဇဝတ်တရားသူကြီးကိုဆိုလိုသည်။ ၅။ အမြဲပြစ်မှုကျူးလွန်တတ်သူအသီးကို အမြဲပြစ်မှုကျူးလွန်တတ်သူများမှတပါး အခြားအကျဉ်း သားကို မထားရသည့် အထူး အကျဉ်းထောင်တွင် တတ်နိုင်သမျှ ချုပ်ထားရမည်။ ခြွင်းချက်။ သို့ရာတွင် အမြဲပြစ်မှုကျူးလွန်တတ်သူပင်မဟုတ်သော်လည်း ရေးမှတ်ရမည့် အကြောင်း ပြချက်များအရ အကျဉ်းသားတဦးတယောက်မှာ အလွန်ပျက်ပြား ဆိုးရွားသော အကျင့်စာရိတ္တရှိ၍ အခြားအကျဉ်းသား အဖော်များကိုလည်း မကောင်းမှုသို့ ဆွဲဆောင်ရမည်။ သို့တည်းမဟုတ် ဆွဲဆောင်တန်ရာသည့်အတွက် မချုပ်ထားသင့်ဟု ယုံမှတ်လျှင် အကျဉ်းဌာနမင်းကြီးက ထိုအကျဉ်းသား ကို အဆိုပါအကျဉ်းထောင်သို့ ပြောင်းရွေ့နိုင်ပြီး သို့သော်လည်း ထိုသို့ပြောင်းရွေ့ခြင်းခံရသည့် အကျဉ်း သားမှာ အမြဲပြစ်မှုကျူးလွန်တတ်သူများနှင့် သက်ဆိုင်သည့်အထူးနည်းဥပဒေများကို အခြားနည်း လိုက်နာခြင်းမရှိစေရ။ ၂။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌက အထက်ပါနည်းဥပဒေ ၂ ကို အထူးဂရုပြုစေလိုသည့်အပြင် တရားရုံးချုပ်က ရာဇဝတ်တရားသူကြီးများအား ရာဇဝတ်မှုကျူးလွန်သူများကို အမြဲပြစ်မှုကျူးလွန်သူ များဟူ၍ အမျိုးအစားခွဲခြားရာတွင် ကောင်းစွာဂရုပြုကြစေရန် ညွှန်ကြား၍ အမျိုးအစားခွဲခြားခြင်းမှာ ရာဇဝတ်တရားသူကြီးတို့အပေါ်တွင် သာမန်အားဖြင့် ထားရှိသည့် တာဝန်ဖြစ်ကြောင်းကိုလည်း ၄င်းတို့ အား အထူးသိရှိစေလျှင် အကျိုးရှိမည်ဟုထင်မြင်သည်။ သံသယရှိသည့်အချက်များတွင် လက်အောက် ရာဇဝတ်တရားသူကြီးတို့သည် တတ်နိုင်လျှင် ခရိုင်ရာဇဝတ်တရားသူကြီးထံ ညွှန်ကြားချက်နာခံရန် လွှဲအပ်တင်ပို့ရမည်။ ထိုသို့လွှဲအပ်တင်ပို့ခြင်းမပြုနိုင်လျှင် ရာဇဝတ်တရားသူကြီးတို့က ထိုအချက်ကို မဆုံးဖြတ်ဘဲထား၍ ဝါရမ်းစာအောက်ခြေရှိ သေက်သေခံလက်မှတ်ကို မဖြည့်သွင်းဘဲ ချန်လှပ်ထား ရမည်။ ထိုသို့ပြုလုပ်သည့်အခါ ထောင်ပိုင်ဝန်မှ အမျိုးအစားခွဲခြားခြင်းကို ပြလုပ်လိမ့်မည်။ အကျဉ်း ထောင်အာဏာပိုင်များ အမျိုးအစားခွဲခြားရာ၌ ခရိုင်ရာဇဝတ်တရားသူကြီး၏ ကြီးကြပ်အုပ်ချုပ်မှု ခိုင်လုံ ခြင်းရှိစေရန်အလို့ငှါ၊ ရာဇဝတ်တရားသူကြီးက အမျိုးအစားခွဲခြားခြင်းမရှိဘဲ၊ ချန်လှပ်ထားသည့်အတွက် ထောင်ပိုင်ဝန်က အမျိုးအစားခွဲခြားရသည့် အမှုများကို ၄င်းက ခရိုင်ရာဇဝတ်တရားသူကြီးထံသို့ အစီရင် ခံရမည်။ ၃။ တကြိမ်ထောင်ဒဏ် ခံနေရစဉ်အတွင်း အမြဲပြစ်မှုကျူးလွန်တတ်သူအမျိုးအစားခွဲခြားခြင်းခံရပြီး နောက်ထောင်မှလွှတ်ပြီး နောက်တဖန်ပြစ်မှုထင်ရှားစီရင်ခြင်းခံရ၍အမြဲပြစ်မှုကျူးလွန်တတ်သူမဟုတ် ဟု အမျိုးအစားခွဲခြားခြင်းခံရသူများ၏ အမှုများကိုလည်း ဂရုပြုကြစေလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ တခါတရံ ရာဇဝတ်တရားသူကြီး၏ ပေါ့လျော့မှုကြောင့် ဖြစ်ရလေသည်။ တခါတရံမှာ လူတဦးတယောက် ကို အမြဲပြစ်မှုကျူးလွန်တတ်သူ ယခင်က အမျိုးအစားကွဲခြားခဲ့ဖူးကြောင်းကို ရာဇဝတ်တရားသူကြီးအား မသိစေသည့်အတွက် ဖြစ်ရလေသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ၏သဘော၌ လူတဦးတယောက် သည် အမြဲပြစ်မှုကျူးလွန်တတ်သူဟူ၍ တကြိမ်တခါ၌ အမျိုးအစားခွဲခြားခြင်းခံရဖူးသည်ဖြစ်လျှင် ယခင် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည်မှာ ထိုသူ၌ ရာဇဝတ်မှုကျူးလွန်တတ်သည့် စရိုက်ကင်းစင် ပပျောက် သည် ဟု ယူဆနိုင်လောက်အောင် ကာလကြာရှည်ခဲ့ပြီမဟုတ်လျှင် နောက်အဖို့၌ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရသည့် အခါခပ်သိမ်းတို့တွင် ထိုသူကိုပြစ်မှုကျူးလွန်တတ်သူဟူ၍ အမျိုးအစားခွဲခြားရမည် ဟု ထင်မြင် သည်။ အမြဲပြစ်မှုကျူးလွန်တတ်သူဟူ၍ ယခင်ကအမျိုးအစားခွဲခြားခဲ့ပြီးနောက် လူတဦး တယောက်ကို အမြဲပြစ်မှုကျူးလွန်တတ်သူမဟုတ်ဟု မှားယွင်း၍ အမျိုးအစားခွဲခြားလိုက်သည့်အခါ ထောင်ပိုင်ဝန်က အမှားကိုပြင်ဆင်ရန် ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးသို့ လျှောက်ထားရမည်။ အထက်စာပိုဒ် ၁ ရှိ နည်းဥပဒေ ၄အရ ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးသည် မိမိ၏အမျိုးအစား ခွဲခြားချက်ကို ပြင်ဆင်နိုင် လောက်သည်ဖြစ်၍ ထောင်ပိုင်ဝန်များသည် မှားယွင်းအမျိုးအစားခွဲခြားခြင်းများကို လိုအပ်သည့်အချက် တွင် လက်အောက်တရားရုံးများသို့ ပြင်ဆင်ရန်အတွက် မပျက်မကွက်လျှောက်ထားရမည်။ လက်အောက်တရားရုံးက ပြင်ဆင်ရန်ငြင်းပယ်ခြင်း သို့တည်းမဟုတ် လစ်ဟင်းခြင်းမရှိလျှင် ခရိုင်ရာဇ ဝတ်တရားသူကြီးထံသို့အကြောင်းကြားရမည်။ ၄။ အကျဉ်းထောင်တွင် ကျခံနေရသည့်အတွက် နာကျင်စေမှုကဲ့သို့သောအပြစ်တခုခုနှင့် ပြစ်မှုထင် ရှားစီရင်ခြင်းခံရ၍ အပိုထောင်ဒဏ်ချမှတ်ခြင်းခံရသော အမြဲပြစ်မှုကျူးလွန်တတ်သည့် အကျဉ်းသားဖြစ် သည့်အချက်လည်းဖြစ်သည်။ ထိုအကြောင်းခြင်းရာများတွင် ပြစ်မှုထင်ရှားစီရင်ခြင်းနှင့် ပြစ်ဒဏ်စီရင် ခြင်းခံရသူကို အပိုထောင်ဒဏ်ကာလအတွက် အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် အမျိုးအစားခွဲခြားသင့် ကြောင်း တော်လှန်ရေးကောင်စီဥက္ကဋ္ဌက ထင်မြင်ယူဆသည်။ ၅။ လက်အောက်တရားရုံးများသည် မိမိတို့အမျိုးအစားခွဲခြားသည့် အခွင့်အာဏာ မည်ကဲ့သို့ သုံးစွဲ ကြောင်းကို ကြည့်ရှုစစ်ဆေးသူအရာရှိများ သိမြင်နိုင်စေရန်အလို့ငှာ လူတဦးတယောက်အား အမြဲပြစ်မှု ကျူးလွန်တတ်သူဟူ၍ အမျိုးအစားခွဲခြားခြင်းကို ရာဇဝတ်တရားသူကြီး၏ “စစ်ဆေးစီရင်သည့်အမှုများ အထွေထွေမှတ်ပုံတင်စာရင်းစာအုပ်” အကြောင်းအရာ ဇယားကွက်တွင် ရေးသွင်းထားရမည်။ တရားရုံး များ သို့တည်းမဟုတ် အကျဉ်းထောင်များကိုစစ်ဆေးကြည့်ရှုသော အရာရှိများသည် လက်အောက်တရား ရုံးများက ဤကိစ္စနှင့်စပ်လျဉ်း၍ မိမိတို့၏သဘောအတိုင်း ဆောင်ရွက်ခွင့်ကို သက်လျော်စွာ သုံးစွဲခြင်း ရှိမရှိ ပြဌာန်းသည့် သဘောတရားများကို အမြဲတစေ သတိမမူချက်များ တွေ့ရှိလျှင် မှတ်သားချက်များ ပြုရမည်။ ၆။ အထင်အနည်းငယ်လွှဲမှားဟန်ရှိသည့် အခြားအချက်တရပ်မှာ အကျဉ်းသားတဦးတယောက်ကို အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် အမျိုးအစားမခွဲမှီ ယခင်ပြစ်မှုထင်ရှားစီရင်ခြင်း ခံရမှုကြောင့် မည်သို့ ထင်ရှားအောင် ပြုရန်အချက်ပင်ဖြစ်သည်။ အကျဉ်းသားများကို အမျိုးအစားခွဲခြားမှာ တရားစီရင်ရေး ဆောင်ရွက်မှုမဟုတ်ဘဲ စီရင်အုပ်ချုပ်မှုနှင့် သက်ဆိုင်သည့်ဆောင်ရွက်မှုဖြစ်သဖြင့် ထိုသို့အမျိုးအစား ခွဲခြားရန်ကိစ္စအလို့ငှာ ယခင်ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသည့်အချက်ကို ထင်ရှားအောင် ပြုလုပ်ရန်မှာ အလားတူ နည်းလမ်းတို့ဖြင့် ပြုလုပ်ရန်မလို။ အကျဉ်းသားများ ယခင်က ပြစ်မှုထင်ရှားစီရင်ခံရဖူး ကြောင်း ရဲကဖြစ်စေ၊ထောင်ပိုင်ဝန်ကဖြစ်စေ ပေးသည့် သက်သေခံကို တရားရုံးက သဘောကျေနပ်ခြင်း မရှိလျှင် လုံလောက်သည်။ ၇။ အထက်စာပိုဒ် ၁ ပါနည်းဥပဒေ ၅ အရ အမြဲပြစ်မှုကျူးလွန်တတ်သူအသီးသီးကို အမြဲပြစ်မှု ကျူးလွန်တတ်သူမှတပါး အခြားအကျဉ်းသားများ မထားရသည့် အထူးအကျဉ်းထောင်တွင် တတ်နိုင် သမျှချုပ်ထားရမည်။ အမြဲပြစ်မှုကျူးလွန်တတ်သူတိုသို့ အမြဲပြစ်မှုကျူးလွန်တတ်သူမဟုတ်သောသူများမှာ ခွဲခြားထား ခြင်းမရှိ၏ ။ ရည်ရွယ်ခြင်းအကြောင်းမှာ အမြဲပြစ်မှုကျူးလွန်တတ်သူမဟုတ်သောသူများကို သာမန် အားဖြင့် အကျင့်စာရိတ္တအားဖြင့်ဖြစ်စေပြုပြင်၍ မရသော အမြဲပြစ်မှုကျူးလွန်တတ်သူများနှင့်အတူ ပေါင်းသင်းဆက်ဆံစေခြင်းဖြင့် ဆိုးသွမ်းညစ်ညမ်းစေမည်ကို တားဆီးရန်ပင်ဖြစ်သည်။ ထိုအမြဲပြစ်မှုကျူး လွန်တတ်သူမဟုတ်သော သူများအနက် အများအပြားမှာ ရုတ်တရက်ပေါ်ပေါက်လာသည့် ဒေါသ အလျောက်ဖြစ်စေ စိတ်စွဲဆောင်ရာသို့ပါ၍ဖြစ်စေ ပြစ်မှုကျူးလွန်ခဲ့၍ မည်သို့မျှ စွဲမြဲစွဲ ပြစ်မှုကျူးလွန်သူ မဟုတ်သည့်သူများများ ပါဝင်နိုင်သည်။ ထို့ပြင်လည်း အကျဉ်းထောင်တွင် ကျခံနေထိုင်စေခြင်းကို အမြဲ ပြစ်မှုကျူးလွန်တတ်သူမဟုတ်သူများထက် အမြဲပြစ်မှုကျူးလွန်တတ်သူများအတွက် ပို၍ ပြင်းထန်ကျပ် တည်းအောင် တမင်ပြုလုပ်ထားလေသည်။ အမြဲပြစ်မှုကျူးလွန်တတ်သူမဟုတ်သော အကျဉ်းသားကို အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် မှားယွင်းအမျိုးအစားခွဲခြားခြင်းသည် ထိုအကျဉ်းသားအား ဆိုးသွမ်း ညစ်ညမ်းသည့်စိတ်ဓါတ်မျိုး ကူးစက်ခြင်းခံရစေတတ်သည့် အကယ်၍ ထိုသို့မှားယွင်းခြင်းမရှိပါက ထိုသို့ သော စိတ်ဓါတ်ကူးစက်ခွင့် ရမည်မဟုတ်ချေ။ အမြဲပြစ်မှုကျူးလွန်တတ်သော ထိုအကျဉ်းသားအား ထောင်တွင်နေထိုင်ခြင်းကြောင့် ရရှိစေနိုင်သည့် ဟန့်တားမှုအကျိုးကို အပြည့်အစုံတွေ့ကြုံခံစားစေ ရမည်မဟုတ်ချေ။ ၈။ အကျဉ်းသားများကို အမြဲပြစ်မှုကျူးလွန်တတ်သူများနှင့် အမြဲပြစ်မှုကျူးလွန်တတ်သူ မဟုတ်သူ များဟူ၍ အမျိုးအစားခွဲခြားခြင်းနှင့် စပ်လျဉ်းသည့်အရပ်ရပ် အမိန့်များမှာ အရွယ်ရောက်သူ အကျဉ်း သားများနှင့် လူငယ်လူရွယ်အကျဉ်းသားများအတွက် အတူတူပင်ဖြစ်ရမည်။ သို့ရာတွင် တော်လှန်ရေး ကောင်စီဥက္ကဋ္ဌက လူငယ်လူရွယ်များဖြစ်သည့်အချက်တွင် ဥပမာအားဖြင့် ရာဇသတ်ကြီး အခန်း ၁၇ အရ ပြစ်ဒဏ်ထိုက်သည့်ပြစ်မှုနှင့် ယခင်တကြိမ် ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးကာမျှဖြင့် ၄င်းတို့ကို ပြစ်မှုပြန်၍ ကျူးလွန်တတ်သူများအဖြစ် အရွယ်ရောက်သူများကဲ့သို့ အလားတူမှတ်ယူရန် အကြောင်းမရှိဟု ထင်မြင် ယူဆသည်။ ထိုကိစ္စမှာ လူငယ်လူရွယ်အကျဉ်းသားနှင့် သက်ဆိုင်စေသည့် ဘော်စတယ်နည်းစနစ်ကြောင့် အလွန် အရေးကြီးပေသည်။ သို့ရာတွင် အကျင့်စာရိတ္တအားဖြင့်သော်၄င်း စရိတ်အားဖြင့်သော်၄င်း၊ ပြုပြင်၍ မရနိုင်သော ရာဇဝတ်မှုကျူးလွန်သူများမဟုတ်ဘဲ ဘော်စတယ်နည်းစနစ်ဖြင့် အကျိုးကျေးဇူး ရှိနိုင်တန် ရာသည်ဖြစ်လျက် အကျဉ်းသားများကို “အမြဲပြစ်မှုကျူးလွန်တတ်သူများ” အဖြစ် အမျိုးအစားခွဲခြား လိုက်သည် အမှုအများအပြားကို တော်လှန်ရေးကောင်စီဥက္ကဋ္ဌက သိရှိပြီးဖြစ်သည်။ ထိုသို့သော အမှုများ တွင် ပြစ်မှုထင်ရှားစီရင်သည့် တရားရုံးများသည် အထက်စာပိုဒ် ၁ ပါ၊ နည်းဥပဒေ ၃ တွင် မိမိတို့သို့ ပေးအပ်ထားသည့် သဘောအတိုင်း ဆောင်ရွက်ခွင့်ကို အပြည့်အဝ အသုံးပြုကြရမည်။ ၉။ ဤပြဌာန်းချက်နှင့် စပ်လျဉ်း၍၊ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌက အခြားရာဇဝတ်မှု ကျူးလွန်သူ တို့အား ဆိုးသွမ်းညစ်ညမ်း စေတန်ရာသော စွဲမြဲစွာ ရာဇဝတ်မှုကျူးလွန်သူ လူငယ်များကို ဘော်စတယ် ကျောင်းတွင် မထားဘဲ၊ ဖယ်ရှားရန်လိုကြောင်း၊ သို့သော်လည်း အမြဲပြစ်မှုကျူလွန်တတ်သူဆိုသည့် စကားကို ကြပ်တည်းကျဉ်းမြောင်းစွာ အဓိပ္ပာယ်ကောက်ယူသည့် အတွက်ကြောင့်သာ အမြဲပြစ်မှု ကျူးလွန်တတ်သူအဖြစ် အမျိုးအစားခွဲခြားခြင်းခံရသော်လည်း၊ ပြုပြင်၍ မရနိုင်မဟုတ်သည့် ငယ်ရွယ် သော ရာဇဝတ်မှု ပြုကျင့်သူတို့ကို အခြားအကျဉ်းထောင်များတွင် ဆိုးသွမ်းညစ်ညမ်းခြင်း ကူးစက်ခံရစေ ရန် မလိုလားအပ်ကြောင်းကို ခရိုင်ရာဇဝတ် တရားသူကြီးများအား စွဲမြဲစွဦ မှတ်သားစေလိုသည်။
၇၃၈။
အထက်စာပိုဒ် ၇၃၇ ပါနည်းဥပဒေများအနက် နည်းဥပဒေ ၁ (၁)နှင့် (၂) အရ၊ ယခင်ပြစ်မှုထင်ရှား စီရင်ခြင်း ခံရဘူးသည့် အချက်တခုတည်းနှင့်၊ အကျဉ်းသားတဦးတယောက်ကို အမြဲပြစ်မှုကျူးလွန် တတ် သူဟူ၍ အမျိုးအစားခွဲခြားရန် အကြောင်းလုံလောက်သည်မဟုတ်။ ထိုအချက်မှာ၊ အကျဉ်းသား တဦး သည် လုယက်တတ်သူ၊ အိမ်ဖောက်ထွင်းတတ်သူ၊ ဓားပြတိုက်တတ်သူ၊ ခိုးတတ်သူ၊ သို့တည်းမဟုတ် ခိုးရာပါ ပစ္စည်းလက်ခံတတ်သူ၊ သို့တည်းမဟုတ် နည်းဥပဒေခွဲ(၁)နှင့် (၂)တွင် သီးခြားဖော်ပြထားသည့် ပြစ်မှုတခုခုကို ကျူးလွန်တတ်သူ ဟုတ်မဟုတ်ဟူသည့် အချက်ကိုဆုံးဖြတ်ရာ၌၊ ထောက်ထားဆင်ခြင်ရ မည့် ကြောင်းခြင်းရာတရပ်မျှသာဖြစ်သည်။ အကျဉ်းသား တဦးတယောက်တည်း ထိုနည်းဥပဒေခွဲများ တွင် ဖော်ပြထားသည့် ပြစ်မှုများနှင့် ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်းခံရဖူးသည်ပင်ဖြစ်သော်လည်း ထောင်ဒဏ်မခံရဖူးလျှင်၊ (ပမာအားဖြင့်၊ ယခင်က ကြိမ်ဒဏ်၊ သို့တည်းမဟုတ် ငွေဒဏ်ခံရလျှင်၊ သို့တည်း မဟုတ် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၆၂ အရလွှတ်ထားလျှင်၊ သို့တည်းမဟုတ် ငယ်ရွယ်သော ပြစ်မှု ကျူးလွန်သူဖြစ်၍ ဘော်စတယ်၊ သို့တည်းမဟုတ် အထက်တန်း သင်တန်းကျောင်းတွင် ပို့ထားခြင်း ခံရ လျှင်) ထိုသူကို၊ နည်းဥပဒေခွဲ(၄)အရ အမြဲပြစ်မှု ကျူးလွန်တတ်သူ အဖြစ် အမျိုးအစား ခွဲခြားရန် ခိုင်မာ သော အကြောင်း ယုတ္ထိများ ရှိသည်မဟုတ်မူ၊ မည်သည့်နည်းနှင့်မျှ အမြဲပြစ်မှု ကျူးလွန်တတ်သူ ဟူ၍ အမျိုးအစား ခွဲခြားခြင်းမပြုရ။ စာပိုဒ် ၃၇၃၊ စာပိုဒ်ခွဲ (၆) တွင်ပါရှိသည့် “ အကျဉ်းသားမှာ ယခင်ကပြစ်မှုထင်ရှားစီရင်ခြင်း အမှန်ခံရ ဖူးကြောင်း ရဲကဖြစ်စေ၊ ထောင်ပိုင်ဝန်က ဖြစ်စေပေးပြသည့် သက်သေခံကို တရားရုံးက သဘောကျေနပ်ရှိလျှင် လုံလောသည်” ဆိုသည့်စကားများမှာ ၊ ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဘူးသည်ဟူသော အချက်ကို ထင်ရှားပြရန် လုံလောက်ခြင်းကို သာ ရည်ညွှန်းသည်ဖြစ်၍၊ အမြဲပြစ်မှု ကျူးလွန်တတ်သူအဖြစ် အမျိုးအစား ခွဲခြားရန် အတွက် သက်သေခံလုံလောက်ခြင်းကို ရည်ညွှန်းသည်မဟုတ်ချေ။ အကျဉ်းသား တဦး တယောက်သည် ယခင်က ပြစ်မှု ထင်ရှားစီရင်ခြင်းခံရဖူးကြောင်း ယူဆ ကျေနပ်ခြင်းမှာ၊ ထိုအကျဉ်းသားကို အမြဲပြစ်မှု ကျူးလွန်တတ်သူအဖြစ် အမျိုးအစား ခွဲခြားရန်အတွက် လုံလောက်သော အကြောင်းဖြစ်သည်ဟူ၍ ထိုစကားများအရ အဓိပ္ပာယ် မသက်ရောက်ချေ။ အကျဉ်းသား တဦးတယောက်ကို အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် အမျိုးအစားခွဲခြားသည့် အခါတိုင်း၊ မည်သည့်အတွက် ထိုသို့ အမျိုးအစားခွဲခြားရကြောင်း အကြောင်းပြချက်အပြည့်အစုံ ကို စီရင် ချက်တွင်၄င်း၊ ထောင်ချဝါရမ်းတွင်၄င်း ဖော်ပြရမည်။ တရားခံ၏ အကြောင်းအရာအတ္ထုပ္ပတ္တိ နှင့် စပ်လျဉ်း၍စာပိုဒ် ၆၉၂ ကိုလည်းကြည့်။
အမြဲပြစ်မှုကျူးလွန်တတ်သူများကို အမျိုးအစားခွဲခြားခြင်း။
၇၃၉။
စက်ရှင်တရားသူကြီးတို့နှင့် ရာဇဝတ်တရားသူကြီးတို့သည် အမှုစစ်ဆေးစီရင်၍ ပြီးဆုံးသော အခါ ရဲသို့ပြန်ပေးသည့်၊ စစ်ဆေးစီရင်မှု၏ အပြီးသတ်အခြေအနေနှင့် တရားရုံးချမှတ်သော အမိန့်ကိုဖော်ပြ သော ရဲပုံစံပေါ်တွင်၄င်း၊ ပြစ်ဒဏ်စီရင်ချက် ဝါရမ်းစာပေါ်တွင်၄င်း၊ ပြစ်မှုထင်ရှား စီရင်သည့် အမှုအရပ်ရပ် တွင်၊ ပြစ်ဒဏ်စီရင်ခြင်း ခံရသူကို အမြဲပြစ်မှုကျူးလွန်တတ်သူအဖြစ် အမျိုးအစား ခွဲခြားရမည် မခွဲခြား ရမည်ဟူသောအကြောင်းကို ရေးမှတ်ရမည်။
၇၄၀။
အကျဉ်းသားများကို မှန်ကန်စွာ အမျိုးအစား ခွဲခြားရန် အရေးကြီးသည့် အချက်နှင့်စပ်လျဉ်း၍ စာပိုဒ် ၇၁၄ ကိုကြည့်။
အကျဉ်းသားများကို အမျိုးအစားခွဲခြားရာ၌ “ကြယ်တန်း”ဟူ၍ အမျိုးအစားခွဲခြားသည့် နည်းစံနစ်
၇၄၁။
(၁) မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင်၊ အကျဉ်းသားများကို အမျိုးအစား ခွဲခြားရာ၌ ကြယ်တန်းဟူ၍ ခွဲခြားသည့် နည်းစံနစ်ကို တီထွင်အသုံးပြုပြီး ဖြစ်၍၊ ထိုအမျိုးအစား ခွဲခြားရန် တာဝန် ဝတ္တရားအချို့အဝက် ကျရောက်မည်ဖြစ်သော စက်ရှင်တရားသူကြီးနှင့် ရာဇဝတ်တရားသူကြီးအားလုံး တို့သို့ အောက်ပါညွှန်ကြားချက်များကို ထုတ်ပြန်လိုက်သည်။ (၂) အောက်တွင် ဖော်ပြထားသည့် ပြစ်မှုထင်ရှား စီရင်ခြင်းခံရသော ပြစ်မှုကျူးလွန်သူအမျိုးအစား တို့ကို “ကြယ်တန်း” အဖြစ် အမျိုးအစားခွဲခြားစေရန် ထောက်ခြင်း မပြုရ။ ၁။ စာပိုဒ် ၇၃၇ တွင် ထပ်မံဖော်ပြထား၍၊ ၁၉၅၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၃ အရ ပြင်ဆင်ထားသည့်၊ ၁၉၄၀ ပြည့်နှစ်၊ မေလ ၄ ရက်နေ့စွဲပါ တရားရေးရာ ဌာန အမိန့်ကြော်ငြာစာ အမှတ် ၁၂၁ ၌ပါရှိသည့် အမိန့်များနှင့်အညီ၊ အမြဲပြစ်မှုကျူးလွန်တတ်သူများအဖြစ် အမျိုးအစားခွဲခြားထားသည့် အကျဉ်းသားများ အမြဲပြစ်မှု ကျူးလွန်တတ်သူမဟုတ်သည့် ပြစ်မှုကျူးလွန် သူတို့ကို သာလျှင်၊ “ကြယ်တန်း” ဟူ၍ အမျိုးအစား ခွဲခြားနိုင်သည်။ ၂။ အလုပ်မဲ့ထောင်ဒဏ် စီရင်ခြင်းခံရသည့် အကျဉ်းသားများ။ ၃။ တတ်နိုင်သရွေ့၊ ၄င်းတို့၏အသက်အရွယ် သက်သက်ကြောင့်၊အသက်အရွယ် ငယ်သော၊သို့တည်း မဟုတ် လူငယ်လူရွယ် ဖြစ်သော အကျဉ်းသားများ။ (၃) “ကြယ်တန်း” တွင်၊ စက်ရှင်တရားသူကြီးများနှင့် ရာဇဝတ်တရားသူကြီးများက အမြဲပြစ်မှုကျူး လွန်တတ်သူ မဟုတ်သူ အမျိုးအစား ခွဲခြားသည့် အကျဉ်းသားများသာ ပါဝင်ရမည်ဖြစ်၍ ကြီးလေးသော ပြစ်မှုနှင့် ယခင်က ပြစ်မှုထင်ရှားစီရင်ခြင်း ခံရဖူးသည့်ပြင်၊ ယခင်အခါက အမြဲပြစ်မှု ကျူးလွန်လျက် နေထိုင်လာခဲ့ခြင်းမရှိသော၊ သို့တည်းမဟုတ် ပျက်ပြားဆိုးရွားသည့် စရိတ်မရှိသော ထောင်သားများ ပါရှိ ရမည်ဖြစ်သည်။ အကျဉ်းသားတဦးတယောက်ကို “ကြယ်တန်းဟုအမျိုးအစား ခွဲခြားနိုင်ခွင့်ရှိသည့်အခြင်း အရာများမှာ ၊ ထိုသူ၏ အထက်အကျင့်စာရိတ္တ ကောင်းခြင်း၊ ထိုသူ၏ နောက်ကြောင်းတွင် ရာဇဝတ်ရေး ကင်းရှင်းခြင်း၊ ထို့ပြင်ထိုသူ ကျူးလွန်သော ပြစ်မှုသည် လွန်စွာရက်စက်ကြမ်းကြုတ်ခြင်း၊ ကိုယ်ကျင့် တရား လွန်စွာပျက်ပြားခြင်း၊ သို့တည်းမဟုတ် စိတ်နေစိတ်ထားပျက်ပြားဆိုးရွားကြောင်းကို မဖော်ပြခြင်း တို့ပင်ဖြစ်သည်။ ယခင်ပြစ်မှုထင်ရှား စီရင်ခြင်းခံရသည့် နေ့ရက်၌ အကျဉ်းသား၏ အသက်အရွယ်နှင့် ယခုပြစ်မှုကို ကျူးလွန်သည့်နေ့ရက်၌ ၄င်း၏အသက်အရွယ်ကိုထောက်ထားဆင်ခြင်ရမည်။ ထို့ပြင်လည်း အကျဉ်းသားမှာ မိမိကိုယ်တိုင် ဆိုး၍ ပျက်စီးခြင်းမရှိနိုင်ဘဲ အခြားအကျဉ်းသားတို့ကို ဆိုးသွမ်း ညစ်ညမ်းစေနိုင်လောက်အောင် စိတ်သဘောသော်၄င်း၊ စိတ်နေစိတ်ထားသော်၄င်း လွန်စွာ ဆိုးရွားပျက် ပြားပြီးသူဟုတ်မဟုတ်ဆုံးဖြတ်နိုင်ရန်အလို့ငှာအမှုနှင့်စပ်လျဉ်းသည့် ကြောင်းခြင်းရာ အလုံးစုံတို့ကို ဆင်ခြင်စဉ်းစားရမည်။ ယေဘုယျအားဖြင့်ဆိုရလျှင်၊ “ကြယ်တန်း” ဟူ၍ အမျိုးအစားခွဲခြားခြင်းကို၊ ပေါ့သောပြစ်မှုများနှင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် အကျဉ်းသားများနှင့် အခွင့်အရေးပေးထိုက် ကြောင်း ထင်ရှားသည့် အကျဉ်းသားများအတွက်သာ ကန့်သန်ထားရမည်။ တရားသူကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးက၊ အကျဉ်းသား တဦးတယောက်ကို “ကြယ်တန်း” အဖြစ် အမျိုးအစားခွဲခြားရန် ထောက်ခံချက် ပေးသင့် မပေးသင့် သံသယရှိသောအခါ၊ အမှု တွင်စီရင်ချက် ချမှတ်ပြီးနောက်၊ ရဲထံတွင်ဖြစ်စေ၊ အကျဉ်းသားက အမည်ထုတ်ဖော်ပြောသည့်၊ သို့တည်း မဟုတ် ထိုအကျဉ်းသား အကြောင်း ခိုင်လုံသောသတင်းပေးနိုင်တန်ရာသည့် ဂုဏ်သရေရှိ လူကြီး လူကောင်းများထံတွင်ဖြစ်စေ၊ မိမိ၏ ထောက်ခံချက်ကိုမပေးမီ၊ စုံစမ်းမေးမြန်းရမည်။ စုံစမ်းမေးမြန်းခြင်း ကိုပြုလျှင်၊ စုံစမ်းမေးမြန်းခြင်းခံရသူတို့၏ ထွက်ဆိုချက်များကို အတိုကောက် ရေးမှတ်ရယူရမည် ဖြစ် သော်လည်း၊ ကျမ်းနှင့် ရေးမှတ်ယူခြင်းမပြုရ။ ထို့ပြင် ထိုထွက်ဆိုချက်များကို စီရင်ချက်၏ နောက်တွင် ကပ်လျက် အမှုတွဲတွင် တွဲထားရမည်။ (၄) “ကြယ်တန်း” တွင်ထည့်သွင်းရန် ထောက်ခံခြင်းခံရသော ပြစ်မှုထင်ရှားစီရင်ခြင်းခံရသည့် အကျဉ်းသားအသီးသီး၏ အမှုတွင် တရားသူကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီးက ထိုပြစ်မှု ထင်ရှား စီရင်ခြင်းခံရသူနှင့် စပ်လျဉ်း၍၄င်း၊ ထိုသူ၏ ပြစ်မှုနှင့် စပ်လျဉ်း၍၄င်း၊ အကြောင်းအရာ ဖော်ပြချက်တရပ်ကို ပြဌာန်းသတ်မှတ်သည့် ပုံစံတွင် ရေးသား၍ ထောင်ပို့ဝါရမ်းနှင့်အတူ ပူးတွဲလိုက် ရမည်။ ထိုပုံစံအရ လိုသည့်အကြောင်းအချက် တို့ကို တရားသူကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရား သူကြီးကိုယ်တိုင် ပုံစံတွင်ရေးသွင်းရမည်။ (၅) အကျဉ်းသား တဦးတယောက်ကို “ကြယ်တန်း” ဟူ၍ အမျိုးအစားခွဲခြားခြင်းသည်၊ တရားစီရင်ရေး ဆောင်ရွက်မှု မဟုတ်ဘဲ၊ စီရင်အုပ်ချုပ်မှုနှင့်ဆိုင်သည့် ဆောင်ရွက်မှုဖြစ်သည်။ တရားသူ ကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီး၏ ထောက်ခံချက်သည်၊ ဤအမှုကိစ္စ၌ ထောင်အာဏာပိုင် တို့အပေါ်တွင် လိုက်နာရန် တာဝန်ရှိစေသည်မဟုတ်။ ထို့ပြင် ထိုအကျဉ်းသားကို ချုပ်ထားသည့် အကျဉ်း ထောင်ဆိုင်ရာ ထောင်ပိုင်ဝန်က ထိုထောက်ခံချက်ကို ပြင်ဆင်နိုင်သည်။ အမှန်စင်စစ်အားဖြင့် တရားသူ ကြီး၊ သို့တည်းမဟုတ် ရာဇဝတ်တရားသူကြီး၏ ထောက်ခံချက်သည် အကြံဉာဏ် ပေးရုံမျှဖြစ်၍၊ အပြီးသတ် အမျိုးအစားခွဲခြားခြင်းကို ထောင်ပိုင်ဝန်က အကျဉ်းဌာန မင်းကြီး၏ အအုပ်အချုပ် ကို ခံယူ၍ ပြုလုပ်ဆောင်ရွက်ရမည်ဖြစ်သည်။
၂၂-၈-၂၀၂၄ ရက်နေ့မှ ၁၇-၈-၂၀၂၅ ရက်နေ့ထိ ခေတ္တနားခို နေထိုင်ခဲ့သော အခန်းလေးပါ
-
ဇာရီမှုများကို ဆိုင်းငံခြင်း ၁။ တရားမကျင့်ထုံးအမိန့်- ၂၁ နည်း ၂၆ အရ ဆိုင်းငံ့ခြင်း ဒီကရီအတည်ပြုရန် လွှဲပြောင်းလက်ခံရရှိသော တရားရုံး...
-
ဖြောင့်ချက် ရည်ညွှန်းချက်။ ၁။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ- ၁၆၄၊ ၃၆၄၊ ၅၃၃ ၂။ တရားရုံးများလက်စွဲ အပိုဒ် ...
-
ပြစ်ချက်ဟောင်း တွဲ၍စွဲဆိုလျှင် (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၇၅) ပြစ်ချက်ဟောင်းတွဲရာတွင် ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေ ပုဒ်မ ၅၁၁ နှင့်အညီ တရားရံ...


